၀ယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း

နေပြည်တော် ၁၀ မေ

 

ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (Purchasing Managers' Index -PMI) သည် ကုန်ပစ္စည်း ထုတ်လုပ်မှုကဏ္ဍ၏ စီးပွားရေးအနေအထားကောင်းမွန်ခြင်းကို ဖော်ပြသည့် အညွှန်းကိန်း ဖြစ်ပါသည်။ ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI)ကို အချက်ငါးချက်အပေါ်အခြေခံ၍ တွက်ချက်ပါသည်။ ဝယ်ယူရေးအမှာစာအသစ်များ၊ ပစ္စည်းအရန်သင့်သိုလှောင်ထားရှိမှု၊ ကုန်ပစ္စည်းထုတ်လုပ်မှု၊ ပစ္စည်းဖြန့်ဝေ ပို့ဆောင်မှုနှင့် အလုပ်ခန့်ထားနိုင်မှုအခြေအနေတို့ ဖြစ်ပါသည်။ ဝယ်ယူရေးမန်နေဂျာများ၏ အညွန်းကိန်းသည် ၅၀ အထက်ရှိပါက စီးပွားရေးကျယ်ပြန့်အားကောင်းလာခြင်းကို ညွှန်းဆိုပါသည်။ ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်းသည် ၅၀ အောက်ရှိပါက စီးပွားရေးကျဆင်းကျုံ့ဝင်လာခြင်းကို ညွှန်းဆိုပါသည်။ ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်းသည် ၅၀ဖြစ်နေပါက တစ်စုံတစ်ရာအပြောင်းအလဲ မရှိခြင်းကို ညွှန်းဆိုပါသည်။

 

ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI)သည် စီမံခန့်ခွဲမှု ပြုလုပ်ရမည့်ပုဂ္ဂိုလ်များအတွက် လွန်စွာအသုံးဝင်သော အညွှန်းကိန်းတစ်ရပ်ဖြစ်ပါသည်။ ဥပမာအားဖြင့် မော်တော်ကားထုတ်လုပ်သောကုမ္ပဏီ တစ်ခုက အနာဂတ်၌ ကားဝယ်ယူရေးအမှာစာများ ပိုမိုရရှိမည်ဟု မျှော်မှန်းထားသော အခြေအနေအပေါ်မူတည် တင်ပြလိုပါသည်။ ဤသို့ဖြစ်ပါက မော်တော်ကားအစိတ်အပိုင်း စက်ပစ္စည်းများအတွက်အမှာစာနှင့် သံမဏိနှင့် ပလတ်စတစ်ကဲ့သို့သော ကုန်ကြမ်းပစ္စည်းတို့၏ အမှာစာတို့များပြားလာမည် ဖြစ်ပါသည်။ မော်တော်ကား ဝယ်ယူရေးအမှာစာများ တိုးပွားမှုနှင့်အညီ လိုအပ်ပစ္စည်းများအရန်သင့် သိုလှောင်မှုကိုလည်းချိန်ညှိပြုလုပ်ရမည် ဖြစ်ပါသည်။ မော်တော်ကားအမှာစာများ တိုးပွားလာနေပါက မော်တော်ကား၏ တန်ဖိုးကို မြှင့်တင်နိုင်သကဲ့သို့ မော်တော်ကားအတွက် ပေးသွင်းနေသော အစိတ်အပိုင်းများနှင့် ကုန်ကြမ်းတို့၏ ဈေးမြင့်လာမှုကိုလည်း လက်ခံနိုင်သောအနေအထားမျိုးရှိပါသည်။ တစ်ဖန်မော်တော်ကားအမှာစာများ ကျဆင်းနေပါက မော်တော်ကား၏ဈေးနှုန်းကို ချလာနိုင်သကဲ့သို့ မော်တော်ကားထုတ်လုပ်ရေးအတွက် ပေးသွင်းနေသော ပစ္စည်းတို့၏ ဈေးနှုန်းချပေးရန်ကိုလည်း တောင်းဆိုလာနိုင်ပါသည်။ ကုမ္ပဏီတစ်ခုသည် ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI) အပေါ်အခြေခံ၍ နှစ်စဉ်ဘတ်ဂျက်လိုအပ်ချက်ကို စီမံလျာထားသကဲ့သို့ခန့်ထားရမည့်ဝန်ထမ်းအရေအတွက်ကိုလည်း မှန်းဆပါသည်။ စီမံခန့်ခွဲရမည့် ငွေကြေးပမာဏကိုလည်း တွက်ချက်ပါသည်။

 

၂၀၁၈ခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သော အာဆီယံနိုင်ငံများ၏ ထုတ်လုပ်မှုဆိုင်ရာဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI) အရမြန်မာနိုင်ငံသည်နှစ်လဆက်တိုက် ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံသည် (PMI)ညွှန်းကိန်း ၅၅ ဒသမ ၅ ဖြင့် ပထမနေရာ၌ ရပ်တည်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် (PMI)ညွှန်းကိန်း ၅၂ ဒသမ ၇ ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေပါသည်။ စင်ကာပူနိုင်ငံက ၅၁ ဒသမ ၅၊ ထိုင်းနိုင်ငံက ၄၉ ဒသမ ၅၊ မလေးရှားနိုင်ငံက ၄၈ ဒသမ ၆ ရှိပါသည်။ ဤသည်မှာ Nikkei ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သော IHS Markit ၏ စစ်တမ်း၌ ဖော်ပြထားချက်များ ဖြစ်ပါသည်။ မြန်မာ နိုင်ငံ၏ ၂၀၁၈ခုနှစ်၊ မတ်လ ထုတ်လုပ်မှုဆိုင်ရာဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI) သည် ၅၃ ဒသမ ၇ ဖြစ်ပါသည်။ ဤကဲ့သို့မြန်မာနိုင်ငံ၏ထုတ်လုပ်မှုဆိုင်ရာ ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်းကိန်း (PMI) နှစ်လဆက်တိုက် တိုးတက်လာခြင်းသည် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ သိသာစွာအရှိန်အဟုန်ရလာခြင်းကို ဖော်ပြခြင်းဖြစ်၍ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

မြန်မာ့အလင်း