၁၀ ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် ကျင်းပ

နေပြည်တော် ဇွန် ၃၀

(၁၀) ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (10th St. Petersburg International Legal Forum) ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာဇဘတ်မြို့တွင် ဇွန် ၂၈ ရက်မှ ဇူလိုင် ၁ ရက်အထိကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီး H.E Mr. Konstantin ChuyChenko ၏ ဖိတ်ကြားချက်အရ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက် ရှိသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (10th St. Petersburg International Legal Forum) သို့ နိုင်ငံတကာမှ တရားသူကြီးချုပ်များ၊ ဥပဒေရေးရာဝန်ကြီးများ၊ တရားရေးဝန်ကြီးများ၊ ရှေ့နေချုပ်များ၊ တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ ဥပဒေပါမောက္ခများ၊ အပြည်ပြည် ဆိုင်ရာရှေ့နေများ၊ တရားရေးနှင့် ဥပဒေရေးရာဌာနများမှ ကိုယ်စားလှယ်များ ၉၅ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ် (10th St. Petersburg International Legal Forum) ၏ အဓိကခေါင်းစဉ်မှာ ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဖြစ်သည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်တွင် “နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့် တရားမျှတရေးဆိုင်ရာ ဝန်ဆောင်မှု” (State Justice in the Service of a Human) ခေါင်းစဉ်ဖြင့် ဥပဒေစကားဝိုင်း ဆွေးနွေးကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးအပါအဝင် အခြားသောနိုင်ငံများမှ တရားရေးဝန်ကြီးများနှင့်အတူ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က Panelist Speaker အဖြစ် ပါဝင်ဆွေးနွေးဟောပြောသည်။

ထိုသို့ ဆွေးနွေးရာတွင် ခေါင်းစဉ်မှာ “နိုင်ငံတော်ကဆောင်ရွက်ပေးလျက်ရှိသည့် တရားမျှတရေးဆိုင်ရာ ဝန်ဆောင်မှု” (State Justice in the Service of a Human) ဖြစ်၍ မိမိအမြင်ကို ဆွေးနွေးရလျှင် တရားမျှတရေး ဆိုင်ရာဥပဒေဝန်ဆောင်မှုပေးခြင်းသည် အရေးကြီးပါကြောင်း၊ ဥပဒေအခွင့်အရေးရရှိရန်နှင့် ဥပဒေအရ အကာအကွယ်ရရှိရေးတို့ကို ဆောင်ရွက်ပေးရာတွင် အခြေခံမူနှင့်ရည်ရွယ်ချက်မှာ နိုင်ငံအားလုံးအတူတူပင် ဖြစ်ကြောင်း၊ ဥပဒေစနစ်များ၊ နိုင်ငံအလိုက်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကျင့်သုံးသော  တည်ဆဲဥပဒေများပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်မှုတွင် အနည်းငယ်ကွဲပြားမှု ရှိနိုင်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိကိုယ်တိုင်ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်း၍ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် အများပြည်သူအတွက် ဥပဒေဝန်ဆောင်မှု ပေးအပ်နိုင်ရေး၊ တရားမျှတမှုရရှိရေးနှင့် ဥပဒေအသိပညာပေးရေး (Legal Advocacy) ကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဥပဒေ အသိပညာပေးရာတွင် ဥပဒေအရာရှိများသာမက အစိုးရဌာနဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ အလယ်အလတ်အရာရှိများ၊ ဆက်စပ်သက်ဆိုင်သူ (Stakeholders) များ အားလုံးကိုပါ ဥပဒေအသိ ပညာပြန့်ပွားစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးလျက် ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင်သာမက မိမိကြီးကြပ်မှုအောက်ရှိ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်ရုံးများ၌ပါ ဥပဒေအသိပညာပေးရေး သင်တန်း (Legal Advocacy Training) များ ပေးလျက်ရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် ဥပဒေ အသိပညာ ဗဟုသုတများ ရရှိသည့်အခါ အများပြည်သူတို့အား တရားမျှတမှုဆိုင်ရာ ဥပဒေအခွင့်အရေးများ ရရှိနိုင်ရန်နှင့် တရားမျှတမှု လက်လှမ်းမှီရေးတို့အတွက် ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ယင်းအချက်သည် ယခု အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ဖိုရမ်၏ အနှစ်သာရ သဘောတရားနှင့်ကိုက်ညီပါကြောင်း၊ ထို့အပြင်တရားဥပဒေစိုးမိုးရေး နှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Rule of Law and Justice Coordinating Body)ကို ဥပဒေရေးရာ ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တရားသူကြီးများ၊ ရှေ့နေများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ပြည်သူ့အတွက် တရားမျှတမှုရရှိနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူက ဥပဒေသတင်း အချက်အလက်ရရှိရေး၊ ဥပဒေများ၊ စီရင်ထုံးများ အစရှိသည်တို့ကို လွယ်လင့်တကူ ရယူနိုင်ရေးအတွက် မြန်မာဥပဒေ သတင်းအချက်အလက်စနစ် (Myanmar Law Information System- MLIS) ကို တည်ထောင်ထားကြောင်း၊ ၎င်းအချက်များသည် ပြည်သူကို ဥပဒေဝန်ဆောင်မှု ပေးလျက်ရှိသည့်အပြင် ယခုဖိုရမ်မှ နိုင်ငံတကာ၏ ဆွေးနွေးချက်များအပေါ် မိမိအနေဖြင့် ဥပဒေဗဟုသုတများ တိုးပွားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်နိုင်မှုများ တိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးဟောပြောသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီး H.E Mr. Konstantin ChuyChenko နှင့် နှစ်နိုင်ငံ ဥပဒေရေးရာ ကိစ္စရပ်များဆွေးနွေးသည့် အစည်းအဝေး  ( Bilateral Meeting ) သို့ ဆက်လက်တက်ရောက်ခဲ့ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးမှ ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုအတွက် နှစ်နိုင်ငံဝန်ကြီးဌာနအကြား ဥပဒေ သုတေသနပြုမှု လုပ်ငန်းကိစ္စများ၊ ဥပဒေဗဟုသုတနှင့် အမြင်ဖလှယ်ခြင်းအတွက် ဆွေးနွေးပွဲများ ကျင်းပရန်တို့ပါဝင်သော နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးနိုင်မည့်ကိစ္စအား ကမ်းလှမ်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က နှစ်နိုင်ငံဥပဒေရေးရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို များစွာကြိုဆိုပါကြောင်း၊ ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံဥပဒေရေးရာကိစ္စရပ်များ ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဥပဒေဘောင်အတွင်း နေထိုင်ခြင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ ဥပဒေများ ခေါင်းစဉ်ဖြင့်ဖိုရမ် ၏ Plenary Session သို့ ဆက်လက်တက်ရောက်ခဲ့ရာ အဆိုပါ Plenary Session တွင် စီးပွားရေးဆိုင်ရာဥပဒေများနှင့် အရေးယူပိတ်ဆို့မှုများ၊ ပြည်သူနှင့် ဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေးဥပဒေ၊ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဥပဒေများ ပြုပြင်ပြောင်းလဲခြင်း၊ တရားဥပဒေစိုးမိုးရေးအတွက် စည်းမျဉ်းစည်းကမ်းများ လိုက်နာ အကောင်အထည်ဖော်ခြင်း၊ တရားမျှတမှုရရှိရေးနှင့် တရားစွဲဆိုခြင်းစသည့် ဥပဒေဘာသာရပ်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်