(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ

မြိတ် ဒီဇင်ဘာ ၆

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

 

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားရေး စိတ်ဓာတ်အကြောင်းကို ကျောင်းသား/ကျောင်းသူများအား ဟောပြောခဲ့ပြီး ခရိုင်ရုံးဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ဆရာ/မများနှင့် ကျောင်းသား/ကျောင်းသူများအား ဝေငှပေးခဲ့သည်။

 

ထို့နောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပြီး ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်ပြပွဲအား ကြည့်ရှုအားပေး ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးစေရန် စကားပုံဆက်ပြိုင်ပွဲနှင့် မြန်မာစာ စာလုံးပေါင်းသတ်ပုံ အမှန်ရွေးနည်း ပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ကျောင်းသား/ ကျောင်းသူ များ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး(ပြန်/ဆက်)