11 th Santi Cup ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဂေါက်သီးရိုက်အသင်း တတိယဆုရရှိ

၂၉ ဇူလိုင်


ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံ Heron Lake Golf Course and Resort ၌ ကျင်းပသည့် South East Asian Amateur Golf Team Championships ၏ 11th Santi Cup ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဂေါက်သီးရိုက်အသင်းသည် တတိယဆုရရှိခဲ့သည်။ 


တတိယဆုရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဂေါက်သီးရိုက်အသင်းသည် ဇူလိုင် ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဆွေမျိုးမိတ်သင်္ဂဟများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်သည်။


မြန်မာ့လက်ရွေးစင် အမျိုးသမီးဂေါက်သီးရိုက်အသင်းတွင် ဖူးပွင့်ရတီခိုင်၊ သင်းဝေခိုင်နှင့် ဝင့်ဖူးနဒီခိုင်တို့ ပါဝင်ပြီး လေးရက်ပေါင်းရိုက်ချက် ၅၉၈ ချက်ဖြင့် တတိယဆုရရှိခဲ့ခြင်းဖြစ်သည်။


ယင်းပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းအပါအဝင် နိုင်ငံပေါင်းခုနစ်နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုင်းအသင်းက ပထမ၊ မလေးရှားအသင်းက ဒုတိယဆုရရှိခဲ့သည်။ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်သည် လက်ရွေးစင်ကစားသမားများနှင့် လူငယ်လက်ရွေးစင်အဆင့် ကစားသမားများ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရန်နှင့် ယင်းပြိုင်ပွဲမှ ရရှိသည့်အတွေ့အကြုံများဖြင့် လာမည့်ပြိုင်ပွဲများတွင် အောင်မြင်မှုရယူနိုင်ရန်အတွက် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိပြီး နိုင်ငံအတွက် အောင်မြင်မှုများ ဆက်တိုက်ရယူပေးလျက်ရှိသည်။ 


သတင်း-ဖိုးသော်ဇင်


ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်