(၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲတွင် မြန်မာ ရွှေ၊ ကြေးတစ်ခုစီရရှိ                                                 

ဆီမာရန် ၂၁ ဇူလိုင် 


(၁၁)ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို ဇူလိုင် ၂၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဆီမာရန်မြို့၌ ဆက်လက်ကျင်းပရာ မြန်မာအားကစားအဖွဲ့က ရွှေတစ်၊ ကြေးတစ်ခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။       

           
အဆိုပါပြိုင်ပွဲ၌ မြန်မာနိုင်ငံအပါအဝင် အိမ်ရှင် အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ အခြေခံပညာ ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကြိုးတပ်သံလုံးပစ်တွင် စောဒီဇင်ဘာသိန်း (မန္တလေး အား/ကာသိပ္ပံ)က ပထမ(ရွှေ)၊ မလေးရှားက ဒုတိယနှင့် တတိယဖြင့်လည်းကောင်း၊ မီတာ ၃၀ဝ၀ အပြေးတွင် လွီးဇာ(လွိုင်ကော်အား/ကာသိပ္ပံ)က တတိယ(ကြေး)၊ ဒုတိယ အင်ဒိုနီးရှား၊ ပထမ ဗီယက်နမ်နိုင်ငံတို့ ရရှိခဲ့ကြသည်။


ပြိုင်ပွဲကိုးမျိုး ထည့်သွင်းကျင်းပထားပြီး ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ တင်းနစ်၊ စားပွဲတင်တင်းနစ်နှင့် ပန်ချက်ဆီလက် အားကစားနည်းများဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အာဆီယံကျောင်းသားအားကစားပြိုင်ပွဲကို ဇူလိုင် ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။  
သတင်း- အေကေလင်း


ဓာတ်ပုံ- အောင်နိုင်ဝင်း အား/ကာ(ခေတ္တဆီမာရန်မြို့)