၁၂ ဘီးယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်တိုက်မိရာ တစ်ဦးသေဆုံး 

ခင်ဦး ၇ ဇူလိုင်   

 

စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်  ခင်ဦးမြို့နယ်  လက်ပံကုန်းကျေးရွာအနီး ရွှေဘို - မြစ်ကြီးနားကားလမ်း  မိုင်တိုင်  ၁၆ / ဝ  နှင့်  ၁၆ / ၁ ကြားတွင်  (၁၂) ဘီးမော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်တိုက်မိ၍ ယာဉ်နောက်လိုက် သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ဇူလိုင်  ၇  ရက် နံနက်  ၃ နာရီခွဲ အချိန်က ခင်ဦးမြို့နယ် လက်ပံကုန်းကျေးရွာအနီး  ရွှေဘို - မြစ်ကြီးနားကားလမ်း  မိုင်တိုင်  ၁၆ / ဝ  နှင့်  ၁၆ / ၁ ကြားတွင်  ကန့်ဘလူမြို့နယ်ဘက်မှ ရွှေဘိုမြို့ဘက်သို့  ယာဉ်မောင်း  နန်းထိုက်အောင် မောင်းနှင်လာသည့်  ကျောက်မီးသွေးများ တင်ဆောင်လာသော ( ၁၂) ဘီးမော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ရှိ လုံးပတ်  ၂ ပေ  အရှည်  ၂၀ ပေခန့် ရှိ  မယ်ဇလီပင်အား  ဝင်ရောက်တိုက်မိကြောင်း  သတင်းရသဖြင့်  ခင်ဦးမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ထွန်းလင်း  ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် ခင်ဦးမြို့နယ်မီးသတ်စခန်းမှ  ဒုမီးသတ်ဦးစီးမှူး  ဦးကျော်သူခ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်  ၈  ဦးတို့ ပူးပေါင်း၍  မီးငြှိမ်းသတ်ယာဉ်တစ်စီးတို့ဖြင့် လမ်းပိတ်ဆို့နေမှုအား သွားရောက်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့်  ယာဉ်နောက်လိုက်  ကျော်ဝင်းဆိုင်မှာ ဒဏ်ရာများရရှိပြီး  အခင်းဖြစ်နေရာတွင်  သေဆုံးသွားပြီး  ယာဉ်မောင်းဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့၍  ရွှေဘိုပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍  ယာဉ်မောင်း  နန်းထိုက်အောင်ကို  ခင်ဦးမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း  ခင်ဦးမြို့မရဲစခန်းမှ  သတင်းရရှိသည်။

 

 မိုးသောက်  (ရွှေဘို)