(၁၂)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ၍ ယာဉ်နောက်လိုက် သေဆုံး

ခင်ဦး ၇ ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် လက်ကံကုန်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်တွင် (၁၂)ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ၍ ယာဉ်နောက်လိုက် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။ 

 

ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက်၊ နံနက် ၄ နာရီ ၂ မိနစ်က ကန့်ဘလူမြို့နယ်ဘက်မှ ရွှေဘိုမြို့ဘက်သို့ မြစ်သားမြို့နေ ယာဉ်မောင်း နန်းထိုက်အောင် မောင်းနှင်လာသော ကျောက်မီးသွေးများ တင်ဆောင်လာသည့် Counder (၁၂)ဘီး အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ရှိ မယ်ဇလီပင်အား ဝင်ရောက်တိုက်မိ၍ လမ်းပိတ်ဆို့နေကြောင်း တယ်လီဖုန်းသတင်းအရ ခင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ခင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူခ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် (၈)ဦးတို့မှ မီးငြှိမ်းသတ်ယာဉ် (၁)စီးဖြင့် သွားရောက်ရှင်းလင်း ဆောင်ရွက်ခဲ့သည်။ 

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက် ကျော်ဝင်းဆိုင် (၄၆) နှစ်မှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးပြီး ယာဉ်မောင်း နန်းထိုက်အောင် (၂၆) မှာ ထိခိုက်ဒဏ်ရာများ (မစိုးရိမ်)ရရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်နှင်းပြီး လူ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိအောင်ပြုလုပ်သူ မြစ်သားမြို့နေ ယာဉ်မောင်းနန်းထိုက်အောင်အား ခင်ဦးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ထွန်းမြင့်အောင် (ရွှေဘို)