နေပြည်တော် စက်တင်ဘာ ၂၅
(၁၂)ကြိမ်မြောက် မြန်မာ-တရုတ် လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေး (Twelfth Meeting on Cooperation to Combat Trafficking in Persons between Myanmar and China) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ PARK ROYAL Hotel ၌ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူး ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Chen Shiqu ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုအခြေအနေများနှင့် ပြောင်းလဲဖြစ်ပေါ်လာသော လူကုန်ကူးမှုပုံစံများ၊ လန်ချန်း-မဲခေါင်ဒေသအတွင်း ဖြစ်ပွားနေသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှု၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ အဓမ္မခိုင်းစေမှုများနှင့် အဆိုပါမှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အစဉ်အလာရှိသည့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာစေရေး၊ တရားမဝင် ဝင်/ထွက်သွားလာမှုများနှင့် လူကုန်ကူးမှုများကို နှစ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် အခြား ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်နိုင်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးကျင်းပခြင်းအားဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖော်ရာရောက်ခြင်း၊ နှစ်နိုင်ငံအကြား သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်း၊ လူကုန်ကူးမှုများ စုံစမ်းဖော်ထုတ်ခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင်ခြင်းနှင့် ကျူးလွန်သူတရားခံများကို ဖမ်းဆီးခြင်းကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် နှစ်နိုင်ငံအကြား ဖြစ်ပွားသော လူကုန်ကူးမှုများ လျော့နည်းကျဆင်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်