နေပြည်တော် ဇန်နဝါရီ ၂၅
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၃)ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား(ခိုရတ်)မြို့များရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပရာ ယနေ့ တွင် မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ ခုနစ်ယောက်တစ်ဖက်ဘောလုံး၊ ထိုင်လျက်ဘော်လီဘော၊ (မျက်မမြင်)ဂိုးလ်ဘော၊ (မျက်မမြင်)စစ်တုရင်၊ သေနတ်ပစ်နှင့် စားပွဲတင်တင်းနစ် အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ယနေ့ နံနက် ၉ နာရီမှစတင်၍ ရေကူးပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ (S4) အမျိုးသား မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတွင် ညီညီလင်းထက်က ရွှေတံဆိပ်၊ (SB7) အမျိုးသား မီတာ ၅၀ ရင်ပေါင်တန်း ကူးပြိုင်ပွဲတွင် မင်းထူးက ငွေတံဆိပ်၊ (S6) အမျိုးသား မီတာ ၁၀၀ အလွတ်ကူးပြိုင်ပွဲတွင် အောင်မြင့်မြတ်က ကြေးတံဆိပ်၊ ပြေးခုန်ပစ် အားကစားနည်းတွင် (F55) အမျိုးသမီး သံလုံးပစ် ပြိုင်ပွဲတွင် ထက်ထက်အေးက ရွှေတံဆိပ်၊ (F63,F64) အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် စိန်ဖော့က ရွှေတံဆိပ်၊ နန်းဝင်းဝင်းသန်းက ငွေတံဆိပ်၊ (မျက်မမြင်)ဂိုးလ်ဘော အားကစားနည်းတွင် မြန်မာ အသင်းက ကြေးတံဆိပ်၊ (မျက်မမြင်)စစ်တုရင်အားကစားနည်းတွင် (B2) အမျိုးသားအသင်းလိုက် ပွဲစဉ်၌ မောရှေ၊ လင်းထက်နောင်နှင့် မင်းသန့်စိုးတို့အတွဲက ကြေးတံဆိပ်၊ (B1) အမျိုးသားအသင်းလိုက်ပွဲစဉ်၌ ကောင်းစံ၊ မျိုးဆန်အောင်နှင့် သန့်ဇင်ဦးတို့အတွဲက ကြေးတံဆိပ်၊ ထိုင်လျက် ဘော်လီဘော ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှားအသင်းအား သုံးပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ရွှေတံဆိပ်၊ ခုနစ်ယောက်တစ်ဖက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းက အိမ်ရှင် ထိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ငွေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယနှင့် တတိယရရှိသူများကို မြန်မာမသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် Asean Para Sports Federation(APSF)မှ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။
နိုင်ငံတော်က ပြိုင်ပွဲကာလအတွင်း ရွှေတံဆိပ်ဆုတစ်ဆုလျှင် အမေရိကန်ဒေါ်လာ ၃၀၀၊ ငွေတံဆိပ် ဆု တစ်ဆုလျှင် ဒေါ်လာ ၂၀၀ နှင့် ကြေးတံဆိပ်ဆု တစ်ဆုလျှင် ဒေါ်လာ ၁၀၀ တို့ကို သတ်မှတ်ချီးမြှင့်ထားရှိရာ ဆုပေးပွဲအခမ်းအနား ကျင်းပပြီးချိန်တွင် နိုင်ငံတော်ကိုယ်စား မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက ပေးအပ်ချီးမြှင့်သည်။
မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အဖွဲ့သည် 80th Birthday Anniversary Stadium အတွင်း မြန်မာမသန်စွမ်း ပြေးခုန်ပစ်အားကစားအဖွဲ့၊ ရေကူးအားကစားအဖွဲ့၊ သေနတ်ပစ်အားကစားအဖွဲ့နှင့် ထိုင်လျက်ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာ အသင်း နှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားနေမှု၊ Center Point Hotel Terminal 21(Korat)တွင် စားပွဲတင် တင်းနစ်အားကစားအဖွဲ့ ယှဉ်ပြိုင်ကစားနေမှု၊ Vongchavalitkul University တွင်(မျက်မမြင်)ဂိုးလ်ဘော အားကစားအဖွဲ့ ယှဉ်ပြိုင်ကစားနေမှု၊ Nakhon Ratchasima Rajabhat University တွင် (မျက်မမြင်)စစ်တုရင်အားကစားအဖွဲ့နှင့် ခုနစ်ယောက် တစ်ဖက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာအသင်းနှင့် အိမ်ရှင်ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။
ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာမသန်စွမ်း အားကစားအဖွဲ့အနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ ထိုင်လျက်ဘော်လီဘော၊ ခုနစ်ယောက်တစ်ဖက် ဘောလုံး၊ (မျက်မမြင်)ဂိုးလ်ဘော၊ (မျက်မမြင်)စစ်တုရင်၊ သေနတ်ပစ်နှင့် စားပွဲတင်တင်းနစ် အားကစားနည်းများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ် လေးခု ဆွတ်ခူးရရှိခဲ့သည်။
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစား ပြိုင်ပွဲတွင် မြန်မာမသန်စွမ်း အားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၁၉ ခုနှင့် ကြေးတံဆိပ် ၂၀ စုစုပေါင်း ဆုတံဆိပ် ၅၉ ခု ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်(၆)တွင် ရပ်တည်နိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်က ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ တွင်ရရှိခဲ့သည့် ရွှေတံဆိပ်များထက် ငါးခုပိုမိုရရှိခဲ့သည့်အတွက် ယခုပြိုင်ပွဲသည် မြန်မာမသန်စွမ်း အားကစားအဖွဲ့အနေဖြင့် နိုင်ငံတော်၏ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


