(၁၄)ကြိမ်မြောက်မြန်မာနိုင်ငံကြက်ခြေနီညီလာခံ ဒုတိယနေ့ အစီအစဉ်များကျင်းပ

 

နေပြည်တော် မတ်၃၁ 

     

(၁၄)ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံ ဒုတိယနေ့ အစီအစဉ်များကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ ညီလာခံယာယီသဘာပတိ ပါမောက္ခဒေါက်တာအေးအောင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဌ ဒေါက်တာ တင်တင်လေး၊ အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှု ဆောင်များ၊ ကောင်စီဝင်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌများ၊ ကြက်ခြေနီ တပ်ဖွဲ့မှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ ညီလာခံ ကိုယ်စားလှယ်များ၊ လူငယ်ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် မိတ်ဖက် အမျိုးသားကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

 

ဦးစွာ ညီလာခံယာယီသဘာပတိ ပါမောက္ခဒေါက်တာအေးအောင်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌဒေါက်တာမျိုးညွန့်ထံသို့ ညီလာခံသဘာပတိ လုပ်ငန်းတာဝန်များကို လွှဲပြောင်းပေးအပ်သည်။

 

ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းအလုပ်အမှုဆောင်အဖွဲ့ဥက္ကဌက နှုတ်ခွန်း ဆက်စကား ပြောကြားရာတွင် ယခု (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေနီညီလာခံတွင် ရွေးချယ် တင်မြောက်ခြင်းခံရသည့်ကောင်စီဝင်များအနေဖြင့် တာဝန်ထမ်းဆောင်ချိန်ကာလအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အကျိုးစီးပွားကိုအလေးထားကာ အသင်းကြီး၏ ကြက်ခြေနီ လူမှုကရုဏာ လုပ်ငန်းတာဝန်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ကြက်ခြေနီ အခြေခံမူများနှင့် အညီ အားလုံး အတူတကွ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးရဲ့အကျိုးကို အစဉ်ရှေးရှု၍ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက် များကိုခံယူပြီး ကြက်ခြေနီ ဗဟိုကောင်စီ အဆင့်မှစ၍ မြို့နယ်၊ ရပ်ကွက်ကျေးရွာအဆင့်ထိ အဆင့်တိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ထိထိမိမိ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပမှ လှူဒါန်းမှုများကိုလည်း ကြက်ခြေနီအခြေခံမူ(၇)ချက်နဲ့အညီ ရပ်ရွာလူထုအတွက် အကျိုးရှိရှိ၊ စည်းစနစ်ကျကျ အသုံးပြုပေးရမည်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အထူးအလေးထား လေးစားလိုက်နာ ဆောင်ရွက်ပေးကြရန် အလေးအနက်ပြောကြားလိုကြောင်း၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များအနေဖြင့်လည်း အသင်းကြီးက ချမှတ်ထားသော မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာကာ စည်းလုံး ညီညွတ်စွာဖြင့် ကြက်ခြေနီ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် စည်းကမ်းတကျ ထိန်းသိမ်း ဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း၊ ယနေ့မှစ၍ ကြက်ခြေနီရဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများကို ညီညွတ်မျှတစွာဖြင့် အားလုံးပူးပေါင်းကာ အသင်းအဆင့်ဆင့်တိုင်းက တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်ဖြင့် ပွင့်လင်းမြင်သာစွာ အတူတကွ ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး (၁၄)ကြိမ်မြောက် မြန်မာနိုင်ငံ ကြက်ခြေ နီညီလာခံ ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)