နေပြည်တော် ဒီဇင်ဘာ ၂၃
(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သော အားကစားသမား ရဲထွန်းနောင်နှင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)ရုံ၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အမျိုးသားကာယဗလ ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ၄၁ နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ နိုင်ငံမှ ရဲထွန်းနောင်သည် ထိုက်ထိုက်တန်တန်ဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အပြင် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များစွာကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများကိုယ်စား ထိုက်ထိုက်တန်တန်ဂုဏ်ပြု ချီးမြှင့်ပေးသွားမည်ဖြစ်၍ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်လည်း အလားတူအောင်မြင်မှုများ ရရှိအောင် ဆက်လက်ကြိုးစားသွားကြရန် အထူးတိုက်တွန်းမှာကြားလိုကြောင်း၊ မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် Logo ရွေးချယ်နိုင်ရေးအတွက် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူ ၃၁ ဦးတို့၏ ပြိုင်ပွဲဝင် Logo ၆၈ ပုံကို အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး အထိမ်းအမှတ် Logo ဆုရရှိခဲ့သူ၊ Mascot နှင့် တေးရေး/တေးဆို ပညာရှင်များကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း။
နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီးအောင်မြင်မှု ဆုတံဆိပ်ရရှိခဲ့ကြသူများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခြင်းများသာမက အသက် (၆၀) ပြည့်မြောက်ချိန်မှစ၍ သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ်ထောက်ပံ့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားတိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်မှ အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိသည့်သလို အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရေးအတွက် ဝိုင်းဝန်းစည်းရုံးဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ (၁၅) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမား ရဲထွန်းနောင်ကိုဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၃၀၀)၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် Logo ပြိုင်ပွဲတွင် ဆုရရှိသည့် ဦးစိုးသီဟကျော်ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် (၂၅) သိန်းနှင့် Mascot ရေးဆွဲသူ ဦးသန်းဇော်ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၂၀) တို့ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ တေးသီချင်းရေးသားသူ ဦးသန်းလင်းဇော် ခေါ် (ဇေလင်းနိုင် တေးရေး KZO) ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၂၀)ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်ကလည်းကောင်း၊ တေးသီချင်းသီဆိုသူ မဇွန်မိုးစက်လင်း တေးဆို (မိုးစက်လင်း) ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း (၂၀) ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း ပေးအပ်ချီးမြှင့်ကြရာ ဂုဏ်ပြုဆုရရှိခဲ့ကြသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်