(၁၆) ကြိမ်မြောက် နန်နင်းကုန်စည်ပြပွဲ (သို့မဟုတ်) တရုတ်-အာဆီယံ ကုန်စည်ပြပွဲ

စိုးသက်နောင်

မြန်မာနိုင်ငံမှ နှစ်စဉ်ပါဝင်တက်ရောက်၍ မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများကို မိတ်ဆက်ပြသရောင်းချလျက်ရှိသော နန်နင်းကုန်စည်ပြပွဲကို ယခုနှစ်တွင် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် နန်နင်းမြို့ ၌ ကျင်းပသွားမည်ဖြစ်ပါသည်။

ယခုနှစ်ကျင်းပမှုမှာ (၁၆) ကြိမ်မြောက်ဖြစ်ပြီး တရုတ်နှင့် အာဆီယံနိုင်ငံများမှ နိုင်ငံတော်အဆင့် အကြီးအကဲများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြမည့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး၊ ဝန်ကြီးဌာနအဆင့် အကြီးအကဲများ တက်ရောက်ကြမည့် အခြားဆက်စပ်အစည်းအဝေးနှင့်ဖိုရမ် စုစုပေါင်း ၂၇ ခုကို ပူးတွဲကျင်းပပြုလုပ်သွား မည်ဖြစ်ပါသည်။

ကုန်စည်ပြပွဲပေါ်ပေါက်လာရခြင်းမှာ ၂၀ဝ၃ ခုနှစ် အောက်တိုဘာလတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် ထိုအချိန်က တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးနယ်မြေ တည်ဆောက်ရေးကို အထောက်အကူပြုရန်အတွက် စတင်အဆိုပြုခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၏ တညီတညွတ်တည်းသဘော တူညီမှုကြောင့် ၂၀ဝ၄ ခုနှစ်မှစတင်၍ ကွမ်ရှီးပြည်နယ် နန်နင်း မြို့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

ကုန်စည်ပြပွဲကို တရုတ်နိုင်ငံနှင့် အာဆီယံ ၁၀ နိုင်ငံတို့မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများက ပူးတွဲကမကထပြုလုပ်ပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးကလည်း ပူးပေါင်းပါဝင် ပြုလုပ်သည့်ပွဲ ဖြစ်ပါသည်။

နှစ်စဉ်ပါဝင်ပြသမှုများမှာ ကုန်ပစ္စည်းများ၊ လူသုံးကုန်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်းများ၊ နောက်ဆုံးပေါ် နည်းပညာမြင့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ နှစ်လိုဖွယ်မြို့ Cities of Charm များနှင့် အခြားတွင်းထွက် သယံဇာတပစ္စည်းများ ပါဝင်သည်။ ၂၁ ရာစုခေတ်သစ် ရေကြောင်းပိုးလမ်းမ စီမံကိန်းမှာ ကုန်စည်ပြပွဲသို့ တက်ရောက်လာသည့် အစိုးရအကြီးအကဲများ၊ ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်များနှင့် မြို့တော်ဝန်များ၏ တွေ့ဆုံဆွေးနွေးပွဲများမှ စာရင်းအင်းရလဒ်များအပေါ် အခြေခံပြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀ဝ၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီးနောက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ဝ သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ ပမာဏမှာ တရုတ်နှင့် အာဆီယံ နိုင်ငံများအကြား ကုန်သွယ်ရေး ရည်မှန်းချက်ကို တစ်နှစ်စော၍ ဖြည့်ဆည်းနိုင်ခဲ့ခြင်းဖြစ်ပြီး ကုန်စည်ပြပွဲ၏ အောင်မြင်မှု မှတ်တိုင်တစ်ခုလည်း ဖြစ်ခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၈၇ ဒသမ ၈၇ ဘီလီယံသို့ရောက်ရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ကို အာဆီယံနိုင်ငံများနှင့် ပေါင်းစည်းဆောင်ရွက်ရေးအတွက် တံခါးပေါက်အဖြစ် သတ်မှတ်ထားပါသည်။ နန်နင်းမြို့မှာ ကွမ်ရှီးပြည်နယ်၏ မြို့တော်ဖြစ်ပြီး လက်ရှိတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှ ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားရှိပါသည်။ ကျန်ရှိသည့် ၄ နိုင်ငံအနက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့သည် ကွမ်တုန်းပြည်နယ်တွင် ဖွင့်လှစ်ထားရှိသည့် ကောင်စစ်ဝန်ချုပ်ရုံးများမှ ပူးတွဲတာဝန်ယူပြီး ဘရူနိုင်းနိုင်ငံသည် ပေကျင်းမြို့တွင် အခြေစိုက်သည့် သံရုံးမှတာဝန်ယူ ဆောင်ရွက်ပါသည်။

ကွမ်ရှီးပြည်နယ်၏ မြို့တော် နန်နင်းမြို့

တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှစ်စဉ်ကျင်းပသည့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်မှာ ပထဝီအနေအထားအရ တရုတ်နိုင်ငံတောင်ဘက်ပိုင်းတွင် တည်ရှိပြီး အာဆီယံနိုင်ငံများသို့ ပင်လယ်ရေကြောင်း ထွက်ပေါက်ရှိသည့် ပြည်နယ်ဖြစ်သည့်အပြင် ဗီယက်နမ်နိုင်ငံနှင့် ကုန်းနယ်နိမိတ် ထိစပ်လျက်ရှိသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ သံမဟုတ်သော သတ္တုထုတ်လုပ်ရေး ပြည်နယ်တစ်ခုဖြစ်ပြီး အလူမီနီယံ၊ မဂ္ဂနိစ်၊ သံဖြူ၊ ခနောက်စိမ်းနှင့် အင်ဒီယမ် ပေါကြွယ်ဝသော ပြည်နယ်တစ်ခုဖြစ်ပါသည်။ ပြည်နယ်၏ မြို့တော်မှာ “Green City” ဟု လူသိများသော နန်နင်းမြို့ ဖြစ်ပြီး မြို့ဧရိယာ အကျယ်အဝန်း ၂၂၂၉၃ စတုရန်း ကီလိုမီတာပေါ်တွင် လူဦးရေ ၇ ဒသမ ၄ သန်းကျော် နေထိုင်လျက်ရှိပါသည်။ ကျွမ့်လူမျိုး ၅၆ ဒသမ ၃ ရာခိုင်နှုန်းကျော်နေထိုင်ပြီး အခြားလူမျိုးစု (၃၅)စု နေထိုင်လျက်ရှိပါသည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲများကို နှစ်စဉ်လက်ခံ ကျင်းပလျက်ရှိသောကြောင့် နန်နင်းမြို့တော်မှာ ၂၀ဝ၄ ခုနှစ် မှစတင်၍ အရှေ့တောင်အာရှနိုင်ငံများသာမက နိုင်ငံတကာ၌ပါ လူသိများ ထင်ရှားလာပါသည်။ နန်နင်းမြို့ကို အခြားအတိုကောက် အမည်ဖြစ်သည့် ယုံ (Yong) ဟုလည်း ခေါ်ဆိုကြပြီး ငြိမ်းချမ်းသောမြို့၊ ငြိမ်သက်အေးချမ်းသောမြို့ဟု အဓိပ္ပါယ် ရရှိပါသည်။ ခရစ်နှစ် ၃၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော မြို့ဖြစ်သဖြင့် မြို့သက်တမ်းမှာ ၁၆၉၁ နှစ် ရှိပြီဖြစ်သည်။ နန်နင်းမြို့သည် နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် သတင်း အချက်အလက်နည်းပညာများ စုဝေးရာ မြို့တစ်မြို့လည်းဖြစ်ပါသည်။

နန်နင်းမြို့သည် ကုလသမဂ္ဂ၏ လူနေမှုကောင်းမွန်စွာ ပြုပြင်ပြောင်းလဲမှုစံပြဆု၊ တရုတ်နိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကောင်းဆုံး ၁၀ မြို့ဆု၊ တရုတ်လူနေမှုပတ်ဝန်းကျင်ဆု၊ နိုင်ငံတော်ပန်းခြံမြို့တော်ဆု၊ တစ်နိုင်ငံလုံးတွင် အသန့်ရှင်းဆုံးမြို့ဆု၊ တစ်နိုင်ငံလုံးတွင် ပတ်ဝန်းကျင် အကောင်းဆုံးပြုပြင် ပြောင်းလဲမှုမြို့တော်ဆုနှင့် တစ်နိုင်ငံလုံး စိမ်းလန်းစိုပြည်လုပ်ငန်း တည်ဆောက်ခြင်း အကောင်းဆုံးမြို့ ၁၀ မြို့ဆု စသည့် ဆုများ သာမက တရုတ်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်ပယ်၌ ဂုဏ်သိက္ခာအရှိဆုံး လူမှုရေးဆုကြီးဖြစ်သည့် တရုတ်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆုကိုလည်း ချီးမြှင့်ခံရသည့် မြို့လည်းဖြစ်ပါသည်။ ထိုကဲ့သို့ ထင်ရှားသောမြို့မှာ မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ညီအစ်မမြို့တော် တည်ထောင်ထားပြီး အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ၊ ခရီးစဉ်များ အကောင်အထည် ဖော်လျက်ရှိသည့် မြို့လည်းဖြစ်ပါသည်။

နန်နင်းကုန်စည်ပြပွဲ

နန်နင်းမြို့တွင် နှစ်စဉ်ကျင်းပနေသည့် ကုန်စည်ပြပွဲမှာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖန်တီးမြှင့်တင်ပေးနေသည့် ပြပွဲဖြစ်သဖြင့် နှစ်စဉ်နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ ပါဝင်တက်ရောက်လေ့ရှိပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် အာဆီယံ ၁၀ နိုင်ငံရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း၍ ကျင်းပခဲ့သည်မှာ ယခုနှစ် ဆိုလျှင် ၁၆ ကြိမ်တိုင်ခဲ့ပြီ ဖြစ်သည်။

ယခုနှစ်တွင်ကျင်းပမည့် (၁၆) ကြိမ်မြောက်ကုန်စည်ပြပွဲတွင် Pavilion of Commodity Trade ပြခန်းဆောင်တွင် အာဆီယံနိုင်ငံများမှထုတ်လုပ်သည့် အစားအသောက်နှင့် အဖျော်ယမကာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လူသုံးကုန် ပစ္စည်း၊ အစားအသောက်ထုပ်ပိုးကုန်နှင့် စက်ပစ္စည်း၊ အီလက် ထရွန်နစ်ပစ္စည်းများ ဝင်ရောက်ပြသရောင်းချသွားမည် ဖြစ်ပါသည်။ Pavilion of Commodity ပြခန်းဆောင်တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက် မှုဖိုရမ်များနှင့် အခြားစက်မှုဇုန်ဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ပါသည်။

Pavilion of Advanced Technology တွင် တရုတ်နိုင်ငံအနေဖြင့် အေအိုင်နည်းပညာမြင့် စက်ပစ္စည်းနှင့် မော်တော်ယာဉ်များ၊ စားသောက်ကုန် ပြုပြင်ထုတ်လုပ်သည့် စက်ပစ္စည်းများနှင့် ထုပ်ပိုးစက်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ စွမ်းအင်သစ်သုံး ပစ္စည်းများနှင့် လယ်ယာသုံးစက်ပစ္စည်းများ ပါဝင်ပြသသွားမည်ဖြစ်ပြီး အီလက်ထရွန်နစ် စက်ပစ္စည်းများ အနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းသုံး စက်ပစ္စည်းများ၊ smart software ၊ smart household appliances၊ consumer electronic ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး တံခါးများ၊ ပြတင်းများ၊ နံရံများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ ပါဝင်ပြသရောင်းချသွားမည် ဖြစ်ပါသည်။

Pavilion of Trade in Services ပြခန်းဆောင်တွင် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ အွန်လိုင်းအင်တာနက်နှင့် ပုဂ္ဂလိကဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ခရီးသွားလာရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် အကောက်ခွန်ရှင်းလင်းရေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို ပါဝင်ပြသသွားမည်ဖြစ်ပါသည်။ Pavilion of Cities of Charm တွင် အာဆီယံနိုင်ငံများမှ နိုင်ငံအလိုက် သတ်မှတ်ထားသည့် နှစ်လိုဖွယ်ရာမြို့များကို ထည့်သွင်းပြသသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ နှစ်လိုဖွယ်ရာ မြို့အဖြစ် ချန်ဒူးမြို့ကို ထည့်သွင်းပြသသွားမည် ဖြစ်ပါသည်။

နန်နင်းကုန်စည်ပြပွဲ ကျင်းပနေစဉ်အတွင်း အခြားဆက်စပ် ကုန်စည်ပြပွဲများ၊ ဖိုရမ်များကိုလည်း တစ်ပြိုင်နက် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါဖိုရမ်များသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ သက်ဆိုင်ရာနယ်ပယ်အလိုက် တာဝန်ရှိသူများ၊ ဝန်ကြီးအဆင့်နှင့် ဒုတိယဝန်ကြီးအဆင့်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဖြစ်ပါသည်။ ကုန်စည်ပြပွဲကျင်းပမည့်နေရာ Nanning International Convention and Exhi-bition Center (NICEC) အဆောက်အအုံအတွင်း ပြခန်းများခင်းကျင်းနိုင်မည့် အကျယ်အဝန်းမှာ စတုရန်းမီတာပေါင်း ၁၃၇၀ဝဝ ကျယ်ဝန်းပြီး ပါဝင်မည့်နိုင်ငံများမှ လုပ်ငန်းရှင်များအနေဖြင့် မိမိလိုအပ်သည့် အကျယ်အဝန်းနှင့် ပြခန်းအရေအတွက်ကို သက်ဆိုင်ရာ နိုင်ငံအလိုက် ကုန်သွယ်ရေးဦးစီး ဌာနများမှတစ်ဆင့် ငှားရမ်းနိုင်မည်ဖြစ်သည်။

ဂုဏ်ထူးဆောင်နိုင်ငံနှင့် နှစ်လိုဖွယ်ရာမြို့ ပြခန်း

နှစ်စဉ်ကျင်းပနေသည့် နန်နင်းကုန်စည်ပြပွဲတွင် နိုင်ငံအလိုက် ဂုဏ်ထူးဆောင်နိုင်ငံ Country of Honor ကို တစ်နှစ်လျှင် တစ်နိုင်ငံအလှည့်ကျ တာဝန်ယူရရာ ယခုနှစ်အတွက် အင်ဒိုနီးရှားနိုင်ငံမှ Country of Honor အဖြစ် ဆောင်ရွက်မည်ဖြစ်ပါသည်။

စတုတ္ထအကြိမ်မြောက် ကုန်စည်ပြပွဲမှစတင်၍ Country of Honor ကို စတင်မိတ်ဆက် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အာဆီယံအလေ့အထအရ အင်္ဂလိပ်အက္ခရာစဉ်အတိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက အလှည့်ကျဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ထူးဆောင်နိုင်ငံ Country of Honor အဖြစ် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် နဝမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ဆောင်ရွက်ခဲ့ပါသည်။

တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ မြို့များအကြား ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေး ထူထောင်နိုင်ရန်နှင့် အချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နန်နင်းကုန်စည်ပြပွဲတွင် နှစ်အလိုက် နှစ်လိုဖွယ်ရာမြို့များ Cities of Charm ကိုလည်း ဒုတိယအကြိမ် ကုန်စည်ပြပွဲမှစတင်၍ ထည့်သွင်း ခင်းကျင်းပြသခဲ့ပါသည်။ ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ နှစ်လိုဖွယ်မြို့အဖြစ် စီချွမ်းပြည်နယ်၏မြို့တော် ချန်ဒူးမြို့ကို သတ်မှတ်ထားပြီး မြန်မာနိုင်ငံအနေဖြင့် မကွေးတိုင်းဒေသကြီး မကွေးမြို့မှ နှစ်လိုဖွယ်ရာမြို့ City of Charm ပြခန်း ပါဝင်ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

ထို့အပြင် မကွေးတိုင်းဒေသကြီး ယဉ်ကျေးမှုကိုယ်စားလှယ်အဖွဲ့မှ ခင်းကျင်းထားသည့် ပြခန်းဆောင်တွင် လာရောက်လေ့လာကြည့်ရှုသူများကို မြန်မာ့ရိုးရာ အကအလှများဖြင့် ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ပါသည်။ ထိုသို့ ပြခန်းဆောင်နှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များတွင် ပါဝင်ပြသဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နှစ်လိုဖွယ်ရာ မြို့များအကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခြင်း၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်တည်ဆောက်နိုင်ခြင်း၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ် ပါသည်။

ထို့အပြင် အထူးဧည့်သည်တော်နိုင်ငံ Special Guest Country ကိုလည်း အာဆီယံအဖွဲ့ဝင် မဟုတ်သည့်နိုင်ငံကို (၁၁) ကြိမ်မြောက် ကုန်စည်ပြပွဲမှ စတင်၍ မိတ်ဆက်ဖိတ်ကြားခဲ့ရာ နှစ်အလိုက် တက်ရောက်ခဲ့သောနိုင်ငံများမှာ ၂၀၁၄ ခုနှစ်တွင် သြစတြေးလျ၊ ၂၀၁၅ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် သီရိလင်္ကာ နှင့် ၂၀၁၇ ခုနှစ်တွင် ကာဇက်စတန်နိုင်ငံတို့မှ ပါဝင်တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် တွင် Special Guest Country အဖြစ် တန်ဇေးနီးယားနိုင်ငံမှ ပါဝင်တက်ရောက် ခဲ့ပါသည်။ ယခုနှစ်အတွက် အထူးဧည့်သည်တော် နိုင်ငံအခေါ်အဝေါ်ကို အထူးမိတ်ဖက်နိုင်ငံ Special Partner Country အဖြစ် ပြောင်းလဲ၍ ပိုလန်နိုင်ငံအား ဖိတ်ကြားထားပြီး နိုင်ငံတော်အဆင့် အကြီးအကဲတစ်ဦးက ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်မည် ဖြစ်ပါသည်။

နန်နင်းကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများက နှစ်စဉ်ပါဝင်ပြသနိုင်ခဲ့ပြီး စီးပွားရေးမိတ်ဖက်များကို ရှာဖွေနိုင်ခဲ့ကြပါသည်။ ပထမဆုံးအကြိမ် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ပေါင်း ၂၈ ခုမှ လူဦးရေ ၆၈ ဦးဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ ငါးသောင်းကျော် ဖိုးသာ ဝင်ရောက်ပြသခဲ့သည့် အခြေအနေမှ ၂၀ဝ၆ ခုနှစ်တွင် ကျင်းပခဲ့သည့် တတိယ အကြိမ်မြောက် ကုန်စည်ပြပွဲတွင် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၈ သန်းအထိ ရောက်ရှိခဲ့ပါသည်။

မြန်မာနိုင်ငံမှ ကုမ္ပဏီများ အများဆုံး ဝင်ရောက်ပြသခဲ့သည့်နှစ်မှာ ၂၀ဝ၇ ခုနှစ် စတုတ္ထအကြိမ် ကုန်စည်ပြပွဲတွင်ဖြစ်ပြီး ကုမ္ပဏီစုစုပေါင်း ၁၆၈ ခု ပါဝင်ပြသခဲ့ပါသည်။ (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ပြခန်းအကျယ် စုစုပေါင်းမှာ ၁၂၄၀ဝဝ စတုရန်းမီတာရှိပြီး ဆိုင်ခန်းပေါင်း ၆၆၀ဝ ကျော် ပါဝင်ပြသရောင်းချခဲ့ရာ အာဆီယံနိုင်ငံများမှ စုစုပေါင်း ၁၄၄၆ ခန်းပါဝင်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဆိုင်ခန်းပေါင်း ၁၆၈ ခန်းပါဝင်ခဲ့ပြီး အဓိက နာမည်ရသည့်ကုန်ပစ္စည်းမှာ ကျောက်စိမ်းနှင့် ကျောက်မျက်များ ဖြစ်ပါသည်။ အခြားထုတ်ကုန်အနေဖြင့် လက်ဖက်ခြောက်ထွက်ရှိသော တရုတ်နိုင်ငံမှ မြန်မာထွက်ကုန် လက်ဖက်ခြောက်များသာမက လက်ဖက်အစိုများကိုပါ နှစ်သက်စွာ ဝယ်ယူအားပေးကြသည်ကို ဝမ်းမြောက်စွာတွေ့ရှိရသည်။

ကုန်စည်ပြပွဲတွင် ပါဝင်ပြသခြင်းအားဖြင့် မိမိတို့ မြန်မာနိုင်ငံမှ ထွက်ကုန်များကို အိမ်နီးချင်း တရုတ်နိုင်ငံတွင်သာမက အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် မိတ်ဖက်များ ရှာဖွေနိုင်ခြင်း၊ အခြားနိုင်ငံများမှ ထုတ်ကုန်များကို လေ့လာနိုင်ခြင်း၊ လိုအပ်ပါက ချိတ်ဆက်ဝယ်ယူနိုင်ခြင်း၊ တရုတ်နှင့် အာဆီယံနိုင်ငံများမှ မိမိနိုင်ငံသို့လာရောက် ရင်းနှီးမြှုပ်နှံစေရေးအတွက် ဆွဲဆောင်နိုင်ခြင်း၊ မိမိနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ သွားရောက်ပြုလုပ်နိုင်ရေးအတွက် မိတ်ဖက်ရှာဖွေနိုင်ခြင်းနှင့် လူသုံးကုန်နှင့် အခြားဝန်ဆောင်မှုများ အပြန်အလှန်ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ အခြားဆက်စပ် အစည်းအဝေးများ၊ ဖိုရမ်များတက်ရောက်ခြင်းဖြင့် အတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ နည်းလမ်းများရှာဖွေနိုင်ခြင်း၊ ယဉ်ကျေးမှု ဖလှယ်မှုများ ပြုလုပ်နိုင်ခြင်းစသည့် အကျိုးအမြတ်များကို လက်ငင်းရရှိပြီး နိုင်ငံအနေဖြင့် ပြည်တွင်းထုတ်ကုန်များ ပြည်ပဈေးကွက် ရှာဖွေနိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်မည့် နေရာတစ်ခုဖြစ်ပါသည်။

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ဒေသထွက်တန်ဖိုးမြှင့် ထုတ်ကုန်များကို အပြည်ပြည်ဆိုင်ရာသို့ တင်ပို့နိုင်ရေးအတွက် မိတ်ဖက်များ ရှာဖွေသင့်သည့် ကုန်စည်ပြပွဲတစ်ခုဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။ ။

Source: Myanmar Trade Representative office, Nanning