၁၆ ပါးမြောက် သာသနာ့အာဇာနည်

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင် ကျင်းပခဲ့သည့်  (၇၆)  ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးမှ ၁၆ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်ပေါ်ထွန်းတော်မူခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ် ရေးရသည့် ၁၉၄၈ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် အထိ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ၁၆ ပါးမျှသာ ပေါ်ထွန်းနိုင်သည်ကို ထောက်ရှုခြင်းအားဖြင့် အဆိုပါစာမေးပွဲကြီး၏ ခက်ခဲနက်နဲ အဆင့်မြင့်မားပုံတို့ကို သိရှိနိုင်မည်ဖြစ်သည်။

ရက်ပေါင်း ၃၃ ရက်ကြာ ကျင်းပသည့် တိပိဋကဓရ စာမေးပွဲသည် ကမ္ဘာတွင် အရှည်ကြာဆုံးစာမေးပွဲဖြစ်သကဲ့သို့ လွန်စွာ ခက်ခဲနက်နဲကျယ်ဝန်းသည့် စာမေးပွဲလည်းဖြစ်သည်။ ၎င်းစာမေးပွဲကို အောင်မြင်နိုင်ရန်အတွက် ပထမနှစ်တွင် ဝိနည်းနှစ်ကျမ်း (စာမျက်နှာ ၈၅၁ မျက်နှာ)၊ ဒုတိယနှစ်တွင် ဝိနည်းသုံးကျမ်း (စာမျက်နှာ ၁၄၀၉ မျက်နှာ)၊ တတိယနှစ်တွင် သုတ်သုံးကျမ်း (စာမျက်နှာ ၇၇၉ မျက်နှာ)၊ စတုတ္ထနှစ်တွင် အဘိဓမ္မာရှေ့ပိုင်း ငါးကျမ်း(စာမျက်နှာ ၁၃၉၀ မျက်နှာ)၊ ပဉ္စမနှစ်တွင် အဘိဓမ္မာ နောက်ပိုင်း (စာအုပ်ရေ ရှစ်အုပ် - စာမျက်နှာ ၃၅၉၇ မျက်နှာ) စုစုပေါင်း ကျမ်းစာအုပ်ရေ ၂၀ နှင့် စာမျက်နှာပေါင်း ၈၀၂၆ မျက်နှာ တို့ကို တစ်ပိုင်းချင်း အလွတ်နှုတ်ငုံဆောင် အာဂုံပြန်ဆိုကြရသည်။ အာဂုံပြန်ဆိုရာတွင်လည်း အထစ်အငေါ့မရှိ ပြန်ဆို ဖြေဆိုကြရခြင်းဖြစ်ပြီး စာထောက်စာမ ငါးကြိမ်ထက်ပိုလျှင် မအောင်မြင်ဘဲ ကျရှုံးအဖြစ် သတ်မှတ်ထားသည်။ ပိဋကတ်သုံးပုံ အာဂုံပြန်ဆို အောင်မြင်ပြီးပါက တိပိဋကဓရဘွဲ့တော်ဖြင့် ပူဇော်သည်။

ပိဋကတ်သုံးပုံ သဘောရေးဖြေအပိုင်းသည် မူရင်းပါဠိတော်နှင့် ယင်း၏အဖွင့်အဋ္ဌကထာကျမ်း၊ အဋ္ဌကထာဖွင့် မူလဋီကာ၊ အနုဋီကာ၊ မဓုဋီကာ၊ ယောဇနာ၊ ဂဏ္ဍိကျမ်းများ၊ မြန်မာလို ဖွင့်ဆို ရေးသားထားသည့် ဒီပနီကျမ်းများ၊ အရကောက်ကျမ်းများ စသည်ဖြင့် ပိဋကတ်တော်နှင့် ဆက်စပ်သမျှ အနက်အဓိပ္ပာယ်အားလုံး တို့ကို မေးသမျှ ဖြေဆိုရခြင်းဖြစ်ရာ လွန်စွာခက်ခဲနက်နဲသည်နှင့်အမျှ အောင်မြင်ရန်လည်း လွန်စွာမလွယ်ကူသော စာမေးပွဲဖြစ် သည်။ သဘောရေးဖြေကို အောင်မြင်ပါက တိပိဋကကောဝိဒဘွဲ့ဖြင့် ပူဇော်သည်။ မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသသည် တတိယအကြိမ်မြောက် တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲတွင် စတင်ဝင်ရောက် ဖြေဆိုတော်မူခဲ့ရာ ဆဋ္ဌမအကြိမ်မြောက် တိပိဋကဓရစာမေးပွဲတွင် ပိဋကတ်သုံးပုံအလုံးစုံကို အာဂုံပြန်၊ ရေးဖြေနှစ်ရပ်စလုံး၌ အထူးအောင်မြင်တော်မူခဲ့ပြီး “ဝိသိဋ္ဌ တိပိဋကဓရ  မဟာတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခြင်းခံယူခဲ့ရသည်။

တိပိဋကရွေးချယ်ရေးစာမေးပွဲကြီး ပေါ်ထွန်းလာခဲ့ရသည့် သမိုင်းအစသည် မြန်မာနိုင်ငံတွင် ဆဋ္ဌသင်္ဂါယနာတင် ပွဲကြီး ကျင်းပနိုင်ရန်အတွက် အခြားထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများနှင့် ညှိနှိုင်းရာတွင် ၎င်းနိုင်ငံတို့က ဆဋ္ဌသင်္ဂါယနာတင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံဆောင်နိုင်သည့် ပုဂ္ဂိုလ်ရှိပါသလား ဟု ပြန်လည်မေးမြန်းရာမှ ပိဋကတ်သုံးပုံဆောင် သာသနာ့ အာဇာနည်ပုဂ္ဂိုလ်ထူး ဖော်ထုတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ သက္ကရာဇ် ၁၃၁၀ ပြည့်နှစ်တွင် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီး စတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ၄၅ ဝါကာလ ပတ်လုံး ဟောကြားတော်မူခဲ့သည့် တရားတော်များကို မှတ်တမ်း တင်ထားသည့် ပိဋကတ်သုံးပုံကျမ်းစာတို့ကို နှုတ်ဖြင့် အလွတ်အာဂုံဆောင်နိုင်ကြသည့်အပြင် သဘောတရားတို့ကိုပါ နားလည် သိမြင်နှံ့စပ်တော်မူကြသည့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် အရှင်သူမြတ်တို့သည် အများသူငါတို့ ပြုနိုင်ရန် ခက်ခဲ သည့်အရာကို ထူးကဲလွန်မြတ်စွာ ပြုစွမ်းနိုင်ခဲ့ကြသည့် သာသနာ့ အာဇာနည်ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များ ဖြစ်ကြသည့်အလျောက် ၁၆ ပါးမြောက် သာသနာ့အာဇာနည် ပေါ်ထွန်းလာခြင်းသည် မြန်မာ့မြေပေါ်တွင် ဓမ္မစေတီတစ်ဆူ ထပ်မံပွင့်ထွန်းလာခြင်းအဖြစ် ဝမ်းမြောက်ဂုဏ်ယူ ပူဇော်အပ်ပါကြောင်း။ 

 

မြန်မာ့အလင်း