(၁၆)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ထွက်ခွာ

 

ရန်ကုန်၊ စက်တင်ဘာ   ၂၁

 

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌  ကျင်းပမည့် (၁၆) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အကြိမ် (၂၀) မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ   အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (16th ASEAN Ministers’ Responsible for Information and its related Meetings) (16th AMRI)သို့ တက်ရောက်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ထွက်ခွာသွားသည်။

 

အဆိုပါ (၁၆)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ  အစည်းအဝေးကို  စက်တင်ဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကြိုတင် ကျင်းပလျက်ရှိသည့် အကြိမ် (၂၀) မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ   အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်လျက်ရှိသည်။ ယင်းအစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာ ဝန်ကြီးအဆင့်နှင့် အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ ပြန်ကြားရေးဆိုင်ရာ ဝန်ကြီးအဆင့် တာဝန်ရှိသူများလည်း တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်