(၁၆)မိုင်စစ်ဆေးရေးစခန်း(ပုသိမ်ကြီး)တွင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ၂၀  ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင်စစ်ဆေးရေးစခန်းတွင် ယနေ့နံနက်ပိုင်းက ယာဉ်မောင်း(စိစစ်ဆဲ)မောင်းနှင်လာသည့် (၆)ဘီးယာဉ်အား ရပ်တန့်ရှာဖွေရာ ဖရဲသီးဂျပ်ဖာများဖြင့် ဖုံးအုပ်ထားသည့် တရားမဝင် တမလန်းသစ်ခွဲ သား (၃၃) ချောင်း ဝ ဒသမ ၇၀၉၂ တန်အား ဖမ်းဆီးရမိခဲ့သည်။

 

မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနအနေဖြင့် ယခု ဘဏ္ဍာနှစ် ဇန်နဝါရီ(၂၀)အထိ ကျွန်းသစ် ၆ ဒသမ ဝ၇၀၆ တန်၊ သစ်မာ ၁၅၄ ဒသမ ၂၆၀၆ တန်၊ အခြားသား ၂ ဒသမ ၁၇၅၈ တန်၊ စုစုပေါင်းသစ် ၁၆၂ ဒသမ ၅၀၇ တန်နှင့် သမင်ဦးချို(၅)စုံ၊ သမင်ဦးချိုဖြတ်စ (၉၇)ခု၊ လိပ်ရင်ဘတ်ခွံ(၅)ခုကိုလည်းကောင်း၊ ဖမ်းဆီးအကြိမ် (၈၅)ကြိမ်မှ တရားခံ(၅၆) ဦးနှင့်ယာဉ် (၅၉)စီးတို့ကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အလားတူကာလအတွင်းကလည်း ကျွန်းသစ်(၆ ဒသမ ၅၂၆)တန်၊ သစ်မာ(၁၀၃ ဒသမ ၁၀၅)တန်၊ အခြားသား( ၅ ဒသမ ၇၅၅) တန်၊ စုစုပေါင်းသစ် (၁၁၅ ဒသမ  ၃၈၆)တန်၊ ဖမ်းဆီးသည့်အကြိမ်ရေ(၅၉)ကြိမ်မှ တရားခံ(၈၀)နှင့်ယာဉ်(၄၄)စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

 

သန်းဦး(လေးမျက်နှာ) 

 

ဓာတ်ပုံ-ခရိုင်(သစ်တော)