(၁၉) ကြိမ်မြောက် အာရှသိပ္ပံကောင်စီညီလာခံ ကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးကျင်းပ

ရန်ကုန် ၂၈ ဇွန်

(၁၉) ကြိမ်မြောက် အာရှသိပ္ပံကောင်စီညီလာခံ ကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က (၁၉) ကြိမ်မြောက် အာရှသိပ္ပံကောင်စီ ညီလာခံကျင်းပရခြင်းနှင့် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ကြည်ကြည်လှက Academic Programme Committee အဖွဲ့အင်အားကို ဖြည့်စွက်ဖြည့်ဆည်းရန်နှင့် သုတေသနစာတမ်း ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်မင်းက လုပ်ငန်းကော်မတီများ အတည်ပြုထုတ်ပြန်ရန်နှင့် Office Team ဖွဲ့စည်းဆောင်ရွက်ရန်ကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ အတွင်းရေးမှူး၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက လုပ်ငန်းကော်မတီများ၏ အဖွဲ့အလိုက် ဆောင်ရွက်ရမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဇော်ဌေးက လုပ်ငန်းအဖွဲ့အလိုက် ကုန်ကျစရိတ် အသေးစိတ် လျာထားချက်ကိစ္စနှင့် စပ်လျဉ်း၍လည်းကောင်း တင်ပြဆွေးနွေးကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အာရှသိပ္ပံကောင်စီ (SCA) သည် အာရှသိပ္ပံကောင်စီအဖွဲ့ဝင် အာရှဒေသတွင်းရှိ (၁၈)နိုင်ငံက အာရှဒေသ ဖွံ့ဖြိုးမှုဆိုင်ရာ သုတေသနညီလာခံကို အလှည့်ကျနှစ်စဉ် ကျင်းပလျက်ရှိပါကြောင်း၊ သုတေသီများသည် အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်ခွင့်နှင့် အမြင်ချင်းဖလှယ်ခွင့်များ ရရှိစေနိုင်ရန်၊ အာရှဒေသ ရေရှည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်စေရန်နှင့် မျိုးဆက်သစ် လူငယ်သုတေသီများ ပေါ်ထွန်းလာစေရေး အားပေးမြှင့်တင်နိုင်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံမှ ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်ပါကြောင်း၊ ညီလာခံ၏ဦးတည်ချက်အနေဖြင့် အာရှသိပ္ပံကောင်စီ၏ (၁၉)ကြိမ်မြောက် ညီလာခံအတွက် Theme ကို Sustainable Development Goal  ဦးတည်ချက်(၁၇)ရပ်ကို လွှမ်းခြုံစေမည့် Research and Innovation for sustainable Development in Asia ကိုရွေးချယ်၍ အဆိုပါ Theme နှင့် အကျုံးဝင်သော သုတေသနနယ်ပယ် Sub-theme များချမှတ်၍ သုတေသနစာတမ်းများ၊ ပိုစတာများ၊ စိစစ်ရွေးချယ်ခြင်းများ ကြိုတင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပညာရှင်များပါဝင်သော ကော်မတီကို ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပါကြောင်း။

အာရှသိပ္ပံကောင်စီ (SCA) ၏ (၁၉) ကြိမ်မြောက် ညီလာခံကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ ဒီဇင်ဘာ(၃)ရက်မှ (၅)ရက်အတွင်း နေပြည်တော် Grand Amara Hotel တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ညီလာခံပြီးဆုံးပါက ပြန်လည်သုံးသပ်သည့် အစည်းအဝေးများ ပြုလုပ်ပြီး အားသာချက် အားနည်းချက်များကို သုံးသပ်ပြီး မှတ်တမ်းထားရှိရန် လိုအပ်ပါကြောင်း၊ ညီလာခံအောင်မြင်စေရန် မိမိတို့အနေဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမသို့ ရောက်ရှိကြပြီး ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်လည်းကောင်း၊ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် နှစ် (၁၀ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး ညှိနှိုင်းအစည်းအဝေးသို့လည်းကောင်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်