(၁၉) ကြိမ်မြောက် လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်အောင် လက်မှတ် ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန် မေ ၂၅

 

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် (၁၉) ကြိမ်မြောက် လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင် အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် နာရီတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီး၊  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့် ညွှန်ကြား ရေးမှူးများ၊ မြန်မာနိုင်ငံစာရင်းကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ် ရပြည်သူ့စာရင်းကိုင်များ အသင်းဥက္ကဋ္ဌ၊ နာယကနှင့် အလုပ်အမှုဆောင်များ၊ ကိုယ်ပိုင်စာရင်းကိုင် သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် အောင်လက်မှတ်လက်ခံယူကြမည့် သင်တန်းသားများ တက်ရောက်ကြပြီး   ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုရေးအတွက် ၁၉၇၂ ခုနှစ်မှစ၍ အရည်အချင်း ပြည့်မီသောစာရင်း ပညာရှင်များ၊ စာရင်းပညာကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိရာ ယနေ့ အောင်လက်မှတ် ရရှိသူများအပါအဝင် လက်မှတ်ရပြည်သူ့စာရင်းကိုင်အောင် လက်မှတ်ရရှိသူ ၂၇၄၁ ဦးနှင့် ဒီပလိုမာစာရင်းကိုင် အောင်လက်မှတ်ရရှိသူ ၄၇၉၃ ဦးရှိပြီဖြစ်ကြောင်း၊ အောင်လက်မှတ်ရရှိပြီးသူများ အနေဖြင့် မိမိတို့၏အရည်အချင်းကို တိုးတက်အောင် ဘက်စုံ၊ ‌ထောင့်စုံမှ ကြိုးစားကြစေလိုကြောင်း၊ စာရင်းလုပ်ငန်းနှင့်ပတ်သက်သော ဉပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လေ့လာမှတ်သား၍ မိမိတို့၏ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်း၊ ချမှတ်ထားသည့် စာရင်းပညာရပ်ဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာ စောင့်ထိန်းခြင်းတို့ဖြင့် စာရင်းပညာရှင် လူတော်လူကောင်းများဖြစ်စေ ရေး ကျင့်ကြံနေထိုင်ကြစေလိုကြောင်းတိုက်တွန်းပြောကြားသည်။  

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့်လည်း မိမိတို့တတ်ကျွမ်း ခဲ့သည့် စာရင်းပညာရပ်များကို အရည်အချင်း ပြည့်ဝစွာ၊ ကျင့်ဝတ်သိက္ခာနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုး သယ်ပိုးနိုင်သည့် နိုင်ငံ့သားကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယ စာရင်းစစ်ချုပ်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်းသားများနှင့် ဒီပလိုမာစာရင်းကိုင် သင်တန်းသားများကို ထူးချွန်ဆုနှင့် အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး မြပန်းအိုင်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာရင်းစစ်ရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ ဌာနခွဲများ၊ စာကြည်တိုက်နှင့် ဝန်ထမ်းအိမ်ရာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် မြန်မာနိုင်ငံစာရင်းကောင်စီရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၄)သို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)