၁၉၆၅ ခုနှစ်နောက်ပိုင်း ရာသီအဖွင့်ထိပ်တိုက်တွေ့ဆုံမှုမှာ ချယ်လ်ဆီးကို ဂိုးပြတ်အနိုင်ယူပြခဲ့တဲ့ မန်ယူ

၁၃  သြဂုတ်

မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ပရီမီယာလိဂ်ပွဲစဉ်(၁)ရဲ့ တနင်္ဂနွေည နောက်ပိုင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ မန်ယူအသင်းက လေးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနိုင်ပွဲဟာ မန်ယူအသင်းက ၁၉၆၅ ခုနှစ်နောက်ပိုင်း ရာသီအဖွင့်ထိပ်တိုက်တွေ့ဆုံမှုမှာ ချယ်လ်ဆီးအသင်းကို ပထမဆုံး ဂိုးပြတ်အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြသစ် ဖရန့်လမ်းပတ်အတွက်တော့ ပရီမီယာလိဂ်မန်နေဂျာ ဘဝစတင်ချိန်မှာ ပထမဆုံးရှုံးပွဲနဲ့ စဖွင့်ခဲ့တာဖြစ်လို့ အဖွင့်မလှခဲ့ပါဘူး။

အဲဒီပွဲစဉ်မှာ မန်ယူအသင်းဟာ ပွဲကစားချိန် ၁၈ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုးကို သွင်းယူခဲ့တဲ့ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုး၊ ၆၅ မိနစ်မှာ မာရှယ်လ်ရဲ့သွင်းဂိုး၊ ၆၇ မိနစ်မှာ ရက်ရှ်ဖို့ဒ်ကနောက်တစ်ဂိုးနဲ့ ပွဲကစားချိန် ၈၁ မိနစ်မှာ ဒန်နီယယ်ဂျိမ်းစ်က လူစားဝင်လာပြီး ကိုးမိနစ်အကြာမှာတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တဲ့သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒန်နီယယ်ဂျိမ်းစ်ရဲ့သွင်းဂိုးဟာ မန်ယူအသင်းနဲ့အတူ ပထမဆုံးပရီမီယာလိဂ်သွင်းဂိုးလည်း ဖြစ်ပါတယ်

နည်းပြ ဆိုးရှားဟာ အခုအပြောင်းအရွှေ့ကာလအတွင်းမှာ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် သန်း ၈၀ နဲ့ခေါ်ယူထားတဲ့ နောက်တန်းကစားသမား မာကွီယာကိုထည့်သွင်းကာ တိုက်စစ်ပိုင်းမှာ လူကာကူမရှိတော့တဲ့အတွက် မာရှယ်လ်၊ ပါရဲရား၊ ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ကိုအားပြုပြီး ပွဲထွက်ကစားစေခဲ့တာပါ။

ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကတော့ ပရီမီယာလိဂ်နည်းပြတစ်ဦးအဖြစ် ကိုင်တွယ်ခွင့်ရရှိချိန်မှာ နိုင်ပွဲနဲ့စတင်ဖို့ ကြိုးစားခဲ့ပေမယ့် အဓိကအားထားရတဲ့တိုက်စစ်မှူး ဟာဇက်မရှိတော့တဲ့အပြင် လော့ဖ်တပ်ချိနဲ့ အိုဒိုအီတို့ဟာလည်း ဒဏ်ရာကြောင့် မပါဝင်နိုင်တာမို့နိုင်ပွဲရဖို့ထက် ချေပဂိုးပြန်လည်ရရှိအောင်ပင် အကြိတ်အနယ်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချေပဂိုးတစ်ဂိုးမှ ပြန်မသွင်းနိုင်ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

မန်ယူအသင်းဟာ အခုပွဲစဉ်မှာ ပင်နယ်တီသွင်းဂိုးနဲ့ ပရီမီယာလိဂ်အဖွင့်ဂိုးကိုရရှိခဲ့တာ ဖြစ်သလို ၂၀၁၈-၂၀၁၉ ရာသီအဖွင့်မှာလည်း လက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ ပရီမီယာလိဂ်အဖွင့်ဂိုးဟာ ပင်နယ်တီကနေတစ်ဆင့် ပေါ့ဘာသွင်းယူခဲ့တာဖြစ်လို့ နှစ်ရာသီဆက်တိုက် ရာသီအဖွင့်မှာ ပင်နယ်တီကနေ အဖွင့်ဂိုးတွေရရှိခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး မာရှယ်လ်ဟာ အခုဆိုရင် မန်ယူအသင်းနဲ့အတူ ပြိုင်ပွဲအရပ်ရပ်သွင်းဂိုး ၄၉ ဂိုးအထိ ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ်(၂)အဖြစ် ဝုလ်ဗက်အသင်းနဲ့ ဩဂုတ် ၁၉ ရက်မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ချယ်လ်ဆီးအသင်းကတော့ လာမယ့်တနင်္ဂနွေနေ့မှာ လက်စတာစီးတီးအသင်းနဲ့ အိမ်ကွင်းစတမ်းဖို့ဒဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မတိုင်ခင် ဩဂုတ် ၁၄ ရက်မှာ အစ္စတန်ဘူလ်၌ လီဗာပူးအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ် ကစားဦးမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ချယ်လ်ဆီးကို အနိုင်ရရှိခဲ့လို့ပွဲစဉ်(၁)အပြီးမှာ မြို့ခံပြိုင်ဘက်မန်စီးတီးအောက် အဆင့်(၂) နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ငွေကြယ်