၁၉၈၅ ခုနှစ်ကို အခြေခံထားသည့် ငါတို့သည် ရုပ်ရှင်ဇာတ်ကား စတင်ရိုက်ကူး

၃ ဇူလိုင်


၁၉၈၅ ခုနှစ်က ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုအပေါ် အခြေခံထားသည့် ငါတို့သည် ရုပ်ရှင်ဇာတ်ကားကို Life+ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်၍ ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) က ဇူလိုင် ၁ ရက်မှစတင်ကာ ပုံဖော်ရိုက်ကူးနေပြီ ဖြစ်သည်။ အဆိုပါရုပ်ရှင်မှာ အက်ရှင်ဒရာမာ ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ပြင်ဦးလွင်၊ သီပေါ၊ ပုသိမ်ကြီးနှင့် နေပြည်တော်တို့တွင် ရိုက်ကူးသွားမည်ဖြစ်ကြောင်း သိရသည်။


၁၉၈၅ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ တစ်ခုကို ၂၀ဝ၅ ခုနှစ် လောက်မှာ ဇာတ်လမ်းတိုလေးတစ်ခု အနေနဲ့ ကိုသားကြီးကို လာပေးထားတဲ့ ဇာတ်ပါ။ အဲဒါကို ပြန်လည်ကိုးကားထားတယ်။ အရင်တုန်းက ကိုသားကြီးနဲ့ ဦးကျော်ဟိန်းတို့ ရိုက်မယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အကြောင်းကြောင်းကြောင့် ရက်နောက်ဆုတ်ရင်း ကိုသားကြီး ဆုံးသွားတယ်။ ကိုယ်တိုင်လည်း ဒီဇာတ်ကို မေ့နေခဲ့တယ်၊ အခု ဒီဇာတ်လေးကို ပြန်လည် အကောင်အထည်ဖော်မှာပါဟု ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ပြောသည်။


ယင်းဇာတ်ကားသည် ထိုအချိန် ကာလက ရိုးမတောကြီးထဲတွင် ဖြစ်ပျက်ခဲ့သည်များကို အခြေခံကာ ပြန်လည် ရိုက်ကူးခြင်းဖြစ်ပြီး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန် ကြိုးစားရသည့် အကြောင်းအရာကို ရုပ်ရှင်အဖြစ် ပြန်လည် ဖန်တီးရိုက်ကူးခြင်းဖြစ်ကြောင်း သိရသည်။


ရုပ်ရှင်တွင် ပါဝင်သည့် သရုပ်ဆောင်များနှင့် ပတ်သက်၍လည်း ဒါရိုက်တာ စတီးလ်က ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေ အများကြီးဆိုပေမယ့် တက်သစ်စတွေ အများကြီးပါပါတယ်။ လူငယ်တွေကို လက်တွဲခေါ်တာပါ။ နာမည်ကြီး မင်းသားတွေကလည်း သုံး၊ လေးလက်ပဲ ရှိတာ၊ သူတို့ကလည်း သူ့ကုမ္ပဏီနဲ့သူ စာချုပ်တွေနဲ့ ဖြစ်နေတယ်။ လူငယ်တွေကတော့ ကိုယ်လုပ်ချင်တဲ့ ဇာတ်ရုပ် အပေါ်မှာ စီးမျောပေးလို့ လူငယ်တွေကို သုံးဖြစ်တာ များပါတယ် ဟု ပြောသည်။


ဇာတ်လမ်းတွင် အဓိကသရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်သော ခါရာက ဒီကားလေးက ထူးခြားလို့ ကျွန်တော် ပါဝင်ဖြစ်တာပါ၊ ၁၉၈၅ ခုနှစ်ဝန်းကျင်က ဆိုတော့ ဇာတ်လမ်းအတွက် ကျွန်တော် အများကြီး ပြင်ဆင်ခဲ့ရပါတယ်၊ အဝတ်အစား၊ ဆံပင်ပုံစံအစ၊ မိတ်ကပ်အဆုံး ကြိုးစားပြီး အဲဒီခေတ်ကပုံစံမျိုး ဖြစ်အောင် လုပ်ထားပါတယ် ဟု ပြော သည်။


အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဈာန်သခင်သွေး၊ အောင်ခန့်ဇော် (စိန်ပေါလ်) နှင့် ဒွေးမေတ္တာတို့က ရေးသားပြီး မောင်မြတ်ဆွေက ဇာတ်ညွှန်းခွဲကာ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ရိုက်ကူး၍ သရုပ် ဆောင်များအဖြစ် နေထက်လင်း၊ နေမျိုး အောင်၊ အလင်းရောင်၊ ထွန်းကိုကို၊ ခါရာ၊ တိုင်ရွန်၊ သိန်းလင်းစိုး၊ နေရဲ၊ ရွှေသမီး၊ ရွှေပိုးအိမ်နှင့် ထူးခြားတို့က အဓိက ပါဝင် သရုပ်ဆောင်ကြမည်ဟု သိရသည်။ 


ကိုလင်း