(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့  မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ ထွက်ခွာ

 

 

ရန်ကုန်     စက်တင်ဘာ   ၂၂

 

၂၀၂၃ခုနှစ်၊ စက်တင်ဘာ(၂၃)ရက်မှအောက်တိုဘာ (၈)ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဥက္ကဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ အုပ်ချုပ်မှုအဖွဲ့(၆)ဦး၊ ဝူရှူးအားကစားနည်းမှ ဒုတိယဥက္ကဌနှင့် နည်းပြ(၁)ဦး၊ အမျိုးသား အားကစားသမား (၁)ဦး၊ အမျိုးသမီးအားကစားသမား (၃)ဦး၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အုပ်ချုပ်/နည်းပြ(၁)ဦးနှင့် အမျိုးသား အားကစားသမား(၁)ဦး တို့သည် ယနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr.Pan  Feng ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဥပဒေချုပ် ဦးဌေးအောင်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

 

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် အမျိုးသားဘောလုံး/ အမျိုးသမီးဘောလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ လှေလှော်၊ E-Sports၊ မြားပစ် အားကစားနည်း(၇)မျိုး ဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်က အမျိုးသားဘောလုံးအသင်း၊ စက်တင်ဘာ ၁၉ ရက်က အမျိုးသမီးဘောလုံးအသင်း၊ စက်တင်ဘာ ၂၁ ရက်က မြန်မာ E-Sports(AOV) အသင်းတို့ ထွက်ခွာသွားခဲ့ကြပြီး ဆက်လက်၍ စက်တင်ဘာ ၂၄ ရက် တွင် မြန်မာE-Sports(PUBGM) အသင်း၊ စက်တင်ဘာ ၂၆ ရက်တွင် မြန်မာE-Sports(Dota-2) အသင်း၊ စက်တင်ဘာ ၂၉ ရက်တွင် မြားပစ်နှင့် ပိုက်ကျော်ခြင်းအသင်း၊ အောက်တိုဘာ ၂ ရက်တွင် လှေလှော်အသင်းတို့ ဆက်လက်ထွက်ခွာ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)