(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

 
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ သက်ဆိုင်ရာ အားကစားကွင်းနှင့် အားကစားရုံများတွင် ဆက်လက်ကျင်းပသည်။
 
အဆိုပါအားကစားပြိုင်ပွဲများသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
 
ယနေ့နံနက် ၉ နာရီမှ စတင်၍ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ တင်းနစ်၊ ဘော်လီဘော၊ စစ်တုရင်၊ ဘောလုံးနှင့် ရေကူးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြသည်။
 
ဝူးရှူးပြိုင်ပွဲ၏ အမျိုးသမီးထောက်လု Jianshu- Qiangshu ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုကို Phoon Eyin (မလေးရှား)၊ ငွေတံဆိပ်ဆုကို စန္ဒီဦး(မြန်မာ)နှင့် ကြေးတံဆိပ်ဆုကို Pamg Pui Yee (မလေးရှား)၊ အမျိုးသားထောက်လု Duilian ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုကို ထိုင်းအသင်း၊ ငွေတံဆိပ်ဆုကို မြန်မာအသင်းနှင့် ကြေးတံဆိပ်ဆုကို မလေးရှားအသင်း၊ အမျိုးသမီးထောက်လု Duilian ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုကို စင်ကာပူအသင်း၊ ငွေတံဆိပ်ဆုကို မလေးရှားအသင်းနှင့် ကြေးတံဆိပ်ဆုကို မြန်မာအသင်းတို့က ဆွတ်ခူးခဲ့ကြသည်။
 
ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၌ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက (၃)ပွဲပြတ်ဖြင့်အနိုင်ရရှိသည်။
 
ကြက်တောင်အားကစားပြိုင်ပွဲ၏ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ သက်ထားသူဇာ (မြန်မာ)က Grace Chua Hui Zhen(စင်ကာပူ)ကို (၂)ပွဲပြတ်ဖြင့်အနိုင်ရရှိပြီး အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင်လည်း အာကာဖုန်းမြတ်(မြန်မာ)က Kettya Keohay (လာအို)ကို (၂)ပွဲပြတ်ဖြင့်အနိုင်ရရှိ၍ အခြားအမျိုးသားနှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲနှင့် အမျိုးသားအမျိုးသမီးနှစ်ယောက်တွဲ ပွဲစဉ်များကိုလည်း နိုင်ငံအသီးသီးမှ အားကစားသမားများက ပါဝင်ယှဉ်ပြိုင်ကစားကြသည်။
 
တင်းနစ်ပြိုင်ပွဲ၏ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ၌ ထိုင်းအသင်းက ရွှေတံဆိပ်ဆု၊ မလေးရှားအသင်းက ငွေတံဆိပ်ဆုနှင့် စင်ကာပူအသင်းက ကြေးတံဆိပ်ဆု၊ အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲ၌ ထိုင်းအသင်းက ရွှေတံဆိပ်ဆု၊ စင်ကာပူ အသင်းက ငွေတံဆိပ်ဆုနှင့် မြန်မာအသင်းက ကြေးတံဆိပ်ဆု၊ အမျိုးသားအမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၌ ထိုင်းအသင်းက ရွှေတံဆိပ်ဆု၊ စင်ကာပူအသင်းက ငွေတံဆိပ်ဆုနှင့် မြန်မာအသင်းက ကြေးတံဆိပ်ဆုတို့ကို ဆွတ်ခူးကြသည်။
 
ထို့ပြင် အမျိုးသားဘော်လီဘောပြိုင်ပွဲများအဖြစ် မလေးရှားအသင်းနှင့် ဖိလစ်ပိုင်အသင်း၊ စင်ကာပူအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့၏ပွဲစဉ်များ၊ ညနေပိုင်းတွင် အမျိုးသား ဘောလုံးပွဲစဉ်များအဖြစ် မလေးရှားအသင်းနှင့် စင်ကာပူအသင်း၊ လာအိုအသင်းနှင့် ထိုင်းအသင်းပွဲစဉ်များနှင့် အမျိုးသား/အမျိုးသမီး ရေကူးပြိုင်ပွဲများကိုလည်း ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။ 
 
ယနေ့ပြိုင်ပွဲများ၌ အားကစားဝါသနာရှင်ပြည်သူများကလည်း အားကစားစိတ်ဓာတ် အပြည့်ဖြင့် လာရောက်အားပေးကြသည်ကို တွေ့ရသည်။ 
 
 
မျိုးသူဟိန်း