၂ နှစ်တာအတွင်း ပဲတီစိမ်းဈေးကွက် ပုံမှန်လည်ပတ်နေပြီး စိုက်ပျိုးသူများ အဆင်ပြေနေ

ဒီဇင်ဘာ ၂၀

 

၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်များအတွင်း ပဲတီစိမ်းဈေးကွက် ပုံမှန်လည်ပတ်နေပြီး စိုက်ပျိုးသူများ အဆင်ပြေနေကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသူများထံမှ သိရသည်။

 

"ပြီးခဲ့တဲ့ ၂ နှစ် ဝန်းကျင်လောက်ကတော့ ဈေးကွက်ကျဆင်းတာမျိုး ဖြစ်ခဲ့ဖူးသေးတယ်။ အခုဆိုရင် ၂ နှစ်ဆက်တိုက်ရှိပြီ၊ ဈေးကွက်ပုံမှန်ဖြစ်နေတာ။ မနှစ်ကနဲ့ဒီနှစ်လည်း ဈေးသိပ်မကွာဘူး။ ဘာဖြစ်လို့ ဈေးကွက်ငြိမ်လာလဲတော့ မသိဘူး။ စိုက်ပျိုးသူ နည်းလို့ပဲလား၊ ဝယ်လက်များလို့ပဲလား တစ်ခုခုပါပဲ။ ကျွန်တော်တို့ဒေသက စိုက်ပျိုးတဲ့ပဲတီစိမ်းတွေကို မကွေး၊ မင်းဘူးမြို့တွေကို တင်ပို့ရောင်းချတယ်။ အဲ့ဒီမြို့တွေက ကုန်သည်တွေကတစ်ဆင့် ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကို အဓိကတင်ပို့ကြတယ်။ ရန်ကုန်ကနေမှ ကျန်တဲ့ဈေးကွက်အမျိုးမျိုးကို ဖြန့်တယ်လို့ သိရပါတယ်" ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ ပဲအမျိုးမျိုးစိုက်ပျိုးသူ ဦးသိန်းလွင်က ပြောသည်။

 

ပဲတီစိမ်းအပါအဝင် ပဲအမျိုးမျိုးကို နေပြည်တော်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး (ခရမ်း၊ သုံးခွ၊ ကျောက်တန်း အစရှိသောဒေသများ)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး စသဖြင့် နေရာဒေသတော်တော်များများတွင် စိုက်ပျိုးနေသည်။

 

"ကျွန်တော်က ပဲတီစိမ်းသီးသန့်ကို ၅၅ ဧက စိုက်ပျိုးထားပါတယ်။ ပဲတီစိမ်းစိုက်တာက စီးပွားရေးအရ တွက်ခြေကိုက်တဲ့အတွက် မိရိုးဖလာ စိုက်ပျိုးခဲ့တာပါ။ ကျွန်တော်တို့ဒေသတစ်ဝိုက်မှာတင် ကုန်သည်တွေရှိတာမို့ သူတို့ကတစ်ဆင့် မန္တလေးမြို့ကို တိုက်ရိုက်တင်ပို့ရောင်းချတယ်။ မနှစ်က ရောင်းချခဲ့တာတော့ ပိဿာချိန် ၂၀ (တစ်တင်း) ကို ၄၂၀၀၀ ကျပ် ရခဲ့ပါတယ်။ ပဲတီစိမ်းက သူ့ဈေးကွက်နဲ့သူ ဈေးကွက်ပုံမှန်ရှိနေတာကြောင့်မို့ တကူးတကတော့ ဈေးကွက်မရှာဖွေရပါဘူး။ ဈေးကွက်တင်ပို့ရာမှာတော့ အရည်အသွေးပိုင်းက အဓိကပါပဲ။ ရိတ်သိမ်းခါနီးမှာ မိုးမမိအောင်တော့ သတိထားရပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး၊  သုံးခွမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ မကျီးပေါက်ကန်ကျေးရွာမှ ပဲတီစိမ်းစိုက်ပျိုးသူ ကိုသူရထွန်းက ပြောသည်။

 

ပဲတီစိမ်းစိုက်ပျိုးရာတွင် မိုးကြိုရာသီ ဖေဖော်ဝါရီလလယ်မှ မတ်လအတွင်း၊ မိုးရာသီ မေလမှ ဇွန်လလယ်အတွင်း၊ မိုးနှောင်းရာသီ အောက်တိုဘာလလယ်မှ နိုဝင်ဘာလလယ်အတွင်း ကာလများတွင် စိုက်ပျိုးလေ့ရှိကြသည်။

 

နန်းထက်ထက်ချစ်