(၂၀) ကြိမ်မြောက် ရုပ်ရှင်ခွဲခြမ်းစိတ်ဖြာခြင်းတွင် The Scent of Green Papaya'' ဇာတ်ကားပြသ

ရန်ကုန်  ၇  ဇူလိုင် 

 

ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ Cinematheque Program ကဏ္ဍခွဲတစ်ခုဖြစ်သည့် (၂၀) ကြိမ်မြောက် ရုပ်ရှင်ခွဲခြမ်းစိတ်ဖြာခြင်းကို ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၊ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမတွင် ယနေ့မွန်းလွဲပိုင်းကပြသရာ စိတ်ပါဝင်စားသူ (၇၀)ကျော် တက်ရောက် လေ့လာဆွေးနွေးကြသည်။

 

''The Scent of Green Papaya'' ဇာတ်ကားကို ဒါရိုက်တာTran Anh Hung က ၎င်းမမွေးမီခေတ်ကာလ၏ လူနေမှုပုံစံဖြင့် ရိုက်ကူးထားပြီး Film Analysis ပြုလုပ် ခြင်းအစီအစဉ်တွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာ အောင်မင်းက ဦးဆောင်ဆွေးနွေးပြီး ရုပ်ရှင်သင်တန်းကျောင်းများနှင့် ရုပ်ရှင်ထုတ်လုပ် ရေးနယ်ပယ်မှ လူငယ်များက ကြည့်ရှုဆွေးနွေးကြသည်။ 

 

ယနေ့ ရုပ်ရှင်ခွဲခြမ်းစိတ်ဖြာသည့် The Scent of Green Papaya ဇာတ်ကားနှင့် ပတ်သက်၍  ဒေါက်တာအောင်မင်းက '' ပြင်သစ် studioထဲမှာ sound stage လို အသံ store နဲ့ setting လုပ်ပြီး ရိုက်ထားတာ၊ ဒါရိုက်တာက သူမမွေးသေးတဲ့အချိန်ကဟာကို ပြန်ရိုက်ထားတာ၊ မြန်မာပြည်က မီ ဇာတ်ကားလိုပဲ၊ ဒီဇာတ်ကားမှာက ပေးချင်တဲ့မက် ဆေ့ ထက်ပိုနူးညံ့တဲ့ အနှစ်သာရ Theme ကိုပြတာ၊ ဒီကားထဲက စတူဒီယိုမျိုး မြန်မာပြည်မှာ မရှိသေးပါဘူး၊ စတူဒီယိုမကဘူး အထဲမှာ စက်တင်းပါပါတယ်'' ဟု ပြောသည်။ 

 

''ဒီ The Scent of Green Papaya ဇာတ်ကားမှာ ကာရိုက်တာအနေနဲ့ ကျွန်တော် ကြိုက်တာရှိတယ် ကလေးလေးတွေ သရုပ်ဆောင်တာကို ပိုမှတ်မိစေတယ်၊ ဇာတ်လမ်း တစ်လုံး ကြည့်ဖြစ်ပြီးတော့ ကျွန်တော် film maker တစ်ယောက်အနေနဲ့ film making နဲ့ပတ်သက်ပြီး သီအိုရီတွေလို ပညာတွေ အဲဒါကြည့်ပြီး ပိုသိရပါတယ်'' ဟု Locarno Open Door Labမှ ကိုမြတ်မင်းခန့်က ပြောသည်။ 

 

အနုပညာရပ်ဝန်းရှိ FDC တွင် ရုပ်ရှင်ခွဲခြမ်းစိတ်ဖြာခြင်းကို နှစ်ပတ်လျှင် တစ်ကြိမ် ပြုလုပ်လေ့ရှိပြီး ဥရောပ၊ အာရှနနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကားများကို ပြသ၍ ရုပ်ရှင် ထုတ်လုပ်ရိုက်ကူးသူ မျိုးဆက်သစ်များနှင့် တွေ့ဆုံဆွေးနွေး ပညာမျှဝေလျက်ရှိသည်။ 

 

သန့်ဇင်ဝင်း