၂၀၁၇-၂၀၁၈ ပညာသင်နှစ် အခြေခံပညာနှစ်ဆုံးစာမေးပွဲ နိုင်ငံတစ်ဝန်း၌ ကျင်းပ

ရန်ကုန် ၇ ဖေဖော်ဝါရီ

 

နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများ၏၂၀၁၇-၂၀၁၈ ပညာသင်နှစ် နှစ်ဆုံး စာမေးပွဲကို  ယနေ့ ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ကျင်းပသည်။

 

ယခုနှစ်တွင် သင်ရိုးညွှန်းတမ်းအသစ်ဖြင့် သင်ကြားသော ပထမတန်းကိ်ု စာသင် ခန်းအတွင်း ပုံမှန်စစ်ဆေးမှုပြုလုပ်၍ စစ်ဆေးအကဲဖြတ်ခြင်းပြုလုပ်ရန် သတ်မှတ်ထား ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက်   ဒုတိယတန်း၊ တတိ်ယတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်းနှင့် နဝမတန်းများ၏ ကျောင်းတွင်းနှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၇ ရက်မှ  ၁၆ ရက်အထိ     တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် စာသင်ချိန် တစ်ချိန်စာသာ စစ်ဆေးမည်ဖြစ်သည်။ 

 

ယခုပညာသင်နှစ်၏  အခြေခံပညာအတန်းများဖြစ်သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းများ၏ နှစ်ဆုံးစာမေးပွဲ စစ်ဆေးခြင်းများကို လာမည့်ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၆ ရက်အထိနှင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၇ ရက်မှ ၁၆ ရက်အထိ တစ်ရက်လျှင် တစ်ဘာသာ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အခြေခံပညာ အဆင့်၌ KG သီးသန့် ၇၉၅၉၆ဦးအပါအဝင် မူလတန်းတွင် ၄၅၀၇၁၂ ဦး၊  အလယ်တန်းတွင် ၃၃၂၉၀ဝ ဦး၊  အထက်တန်းတွင် ၁၃၁၂၂၆ ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၉၁၄၈၃၈ ဦး တက်ရောက် ပညာသင်ကြားခဲ့ကြောင်း ပညာရေးမှူးရုံးမှ ကျောင်းဖွင့်ရာသီက သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း၌လည်း  အခြေခံပညာကျောင်း ၄၁၈၆ ကျောင်း တွင် ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်အတွက် စာမေးပွဲများ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူ၊ ကျောင်းသားများအနက်မှ တက္ကသိုလ်ဝင်တန်း၊ အဋ္ဌမတန်းနှင့် စတုတ္ထတန်း ကျောင်းသူ၊ ကျောင်းသားများမှအပ ကျန်ကျောင်းသူ၊ ကျောင်းသားများ၏ ၂၀၁၇-၂၀၁၈  ပညာသင်နှစ်အတွက် အတန်းတင်စာမေးပွဲများကို  တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ် အသီးသီးမှ ကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းက အေးချမ်းစွာ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

 

ယနေ့တွင် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံကျောင်းများ၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒုတိယတန်း၊ တတိယတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တတန်းနှင့် နဝမတန်းများ၏ အတန်းတင်စာမေးပွဲကို တစ်ပြိုင်နက်တည်း စတင်ကျင်းပခဲ့ရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် နိုင်ငံတစ်ဝန်းရှိ  အခြေခံ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများက စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

 

မတ်လ ၇ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာပြည် တစ်ပြည်လုံး၌ ကျောင်းတွင်းဖြေဆိုသူ ၅၁၈၀ဝ၆ ဦးနှင့် ကျောင်းပြင်ပ ဖြေဆိုသူ ၃၂၆၂၃၁ စုစုပေါင်း ၈၄၄၂၃၇ ဦးတို့ ဖြေဆိုကြမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းတွင်းဖြေဆိုသူ ၇၂၈၉၀ နှင့် ကျောင်းပြင်ပဖြေဆိုသူ ၄၈၄၄၀ စုစုပေါင်း ၁၂၁၃၃၀တို့ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။

 

သတင်း-ဥမ္မာသန့်၊အေးမြ(မန္တလေး)