၂၀၁၇ -၂၀၁၈ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပညာရေးစုံညီပွဲတော် ဖွင့်ပွဲကျင်းပ

နေပြည်တော် ၉ ဇန်နဝါရီ

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

 

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နေပြည်တော် ကောင်စီဝင် ပညာရေးတာဝန်ခံ ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်၊ အခြေခံပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးနှင့် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် ဇမ္ဗူသီရိမြို့နယ် အထက(ခွဲ) အလက(၃) ကျောင်းသား၊ ကျောင်းသူများက ပန်းဖွားအကဖြင့်လည်းကောင်း၊ နေပြည်တော်ကျောင်းပေါင်းစုံမှ အဆင့်မြင့် အေရိုးဗစ်အကဖြင့် လည်းကောင်း၊ ပျဉ်းမနား အထက(၃) ကျောင်းသား၊ ကျောင်းသူများက ကဗျာလွတ်အကဖြင့်လည်းကောင်း၊ ဇေယျာသီရိမြို့နယ် အထက(၁) ကျောင်းသား၊ ကျောင်းသူများက ဘင်ခရာနှင့် ပန်းဖွားအကဖြင့်လည်းကောင်း ကပြဖျော်ဖြေကြရာ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးနှင့် အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများက တစ်ခဲနက် အားပေးကြည့်ရှုကြသည်။

 

ယင်းနောက် ပညာရေးစုံညီပွဲတော် ပြခန်းအတွင်း ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထိုမှတစ်ဆင့် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အထက(၁)တပ်ကုန်း ကျောင်းသား၊ ကျောင်းသူများက "စုံညီပွဲတော် တို့နွှဲပျော်" သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။

 

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ အခမ်းအနားသည် ကျောင်းသား၊ ကျောင်းသူများ၏ အားကစား၊ အနုပညာ၊ အိမ်တွင်းမှုလက်ရာ စသည့် ကာယဉာဏ စွမ်းရည်များကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ မိဘများပူးပေါင်းပြီး စုံစုံညီညီ ဖော်ထုတ်သည့် ပွဲဖြစ်ပါကြောင်း၊ စုံညီပွဲတော်တွင် ပါဝင်ကြသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိဘဆရာများက အားကိုးရပြီး နိုင်ငံတော်က အားထားရသည့် သားကောင်း သမီးမွန်များဖြစ်အောင် ဆက်လက်ကြိုးစား ကြစေလိုပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားပြီး ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

MDN