၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအထောက်အကူပြု သမိုင်းဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

နေပြည်တော် ၉ ဖေဖော်ဝါရီ

ပါမောက္ခ ဒေါက်တာမိုမိုသန့် ပါမောက္ခ၊ ဌာနမှူး၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူများအတွက် သမိုင်းဘာသာရပ် သိကောင်းစရာများကို တင်ပြသွားပါမယ်။ ပထမဦးစွာ မြန်မာ့သမိုင်းသင်ခန်းစာများမှ သိကောင်းစရာတွေကို တင်ပြပါမယ်။ မြန်မာ့သမိုင်းမှာ နှစ်ပိုင်းပါဝင်တယ်။ ကိုလိုနီခေတ်နဲ့ လွတ်လပ်ပြီးခေတ်တို့ဖြစ်တယ်။

ကိုလိုနီခေတ်ကို လေ့လာမယ်ဆိုရင် ပထမဦးစွာ သူ့ကျွန်ဘဝကို ကျရောက်ခဲ့ရတာကို မခံမရပ်နိုင်ဖြစ်ရတဲ့ တိုင်းရင်းသားတို့ တောင်ပေါ်မြေပြန့်မကျန် ရရာလက်နက်စွဲကိုင်ပြီး နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ခဲ့ကြပုံကို လေ့လာဖို့ လိုပါတယ်။

ကိုလိုနီခေတ်ဦး လက်နက်ကိုင်တော်လှန်မှုများ ကျဆုံးပြီးနောက် ငုပ်လျှိုးသွားခဲ့တဲ့ မြန်မာတို့ရဲ့ အမျိုးသားစိတ်ဓာတ် မကြာမီပြန်လည်နိုးကြားလာတဲ့အပိုင်းကို လေ့လာတဲ့အခါ ဝိုင်အမ်ဘီအေ ဦးဆောင်တဲ့ အမျိုးသားလှုပ်ရှားမှု၊ ဂျီစီဘီအေဦးဆောင်တဲ့ အမျိုးသားလှုပ်ရှားမှုဟူ၍ လေ့လာသင့်တယ်။

ဝိုင်အမ်ဘီအေဦးဆောင်တဲ့ အမျိုးသားလှုပ်ရှားမှုအပိုင်းကို ခုနှစ်အပိုင်းအခြားဖြင့်လည်း လေ့လာသင့်တယ်။ ၁၉၀၆မှ ၁၉၂၀ ကာလအတွင်း အမျိုးသားစိတ်ဓာတ်နိုးကြားလာခြင်းဆိုပြီး မေးရင်လည်း ဝိုင်အမ်ဘီအေဦးဆောင်တဲ့ အမျိုးသားလှုပ်ရှားမှုကို ဆိုလိုခြင်းဖြစ်ကြောင်း သိဖို့လိုအပ်တယ်။ သမိုင်းဘာသာရပ်မှာ ခုနှစ်သက္ကရာဇ်တိုင်း သိရှိဖို့မလိုအပ်ပေမယ့် အရေးပါတဲ့ ခုနှစ်၊ သက္ကရာဇ်တွေကို သိရမှာဖြစ်တယ်။ ၁၉၂၀ ပြည်မြို့မှာကျင်းပတဲ့ ဝိုင်အမ်ဘီအေ ညီလာခံအပြီးမှာ ဝိုင်အမ်ဘီအေဟာ နိုင်ငံရေးကို ဆောင်ရွက်ခြင်းမပြုတော့တာ တွေ့ရတယ်။ ဝိုင်အမ်ဘီအေရဲ့နေရာမှာ နိုင်ငံရေးဆောင်ရွက်မည့် အသင်းကြီး တစ်သင်းထွက်ပေါ်လာတယ်။ အဲဒါက ဂျီစီဘီအေဖြစ်တယ်။

၁၉၂၀ မှ ၁၉၃၀ ကာလအတွင်း မြန်မာနိုင်ငံ အမျိုးသားလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ အဖွဲ့အစည်းမှာ ဂျီစီဘီအေခေါ် မြန်မာ့အသင်းချုပ်ကြီးဖြစ်တယ်။ ဂျီစီဘီအေအသင်းကြီးဟာ ၁၉၃၀ မှာ အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားတယ်။ အဲဒီကာလ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲမှာ မြန်မာအမျိုးသမီးများ၏ ကုမ္မာရီအသင်းသည်လည်း တစ်တပ်တစ်အား ပါဝင်ခဲ့ကြတယ်။

ဂျီစီဘီအေ အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားလို့ နယ်ချဲ့ဆန့်ကျင်ရေးအတွက် ခိုင်မာတောင့်တင်းတဲ့ အသင်းကြီး တစ်သင်းပေါ်ပေါက်ဖို့ ပြည်သူတို့ မျှော်လင့်နေချိန်မှာ ပေါ်ပေါက်လာတဲ့အသင်းဟာ တို့ဗမာအစည်းအရုံးဖြစ်တယ်။တို့ဗမာအစည်းအရုံးကို ၁၉၃၀ မေ ၃၀မှာ စတင်ဖွဲ့စည်းတာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားလှုပ်ရှားမှုသမိုင်းမှာ “တို့ဗမာအစည်းအရုံး” ရဲ့ အခန်းကဏ္ဍမှာလည်း အရေးပါတယ်။ တို့ဗမာအစည်းအရုံးရဲ့ကာလအပိုင်းအခြားဟာ ၁၉၃၀ မှ ၁၉၄၁ အထိ ဖြစ်တယ်ဆိုတာလည်း သိထားသင့်တယ်။

၁၉၃၀ပြည့်နှစ်မှာတော့ မြန်မာနိုင်ငံမှာ ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမား အရေးတော်ပုံပေါ်ပေါက်ခဲ့တယ်။ နယ်ချဲ့ကိုလက်နက်စွဲကိုင်တော်လှန်ခဲ့ခြင်းဖြစ်တယ်။ တောင်သူလယ်သမား အရေးတော်ပုံမှာ အရေးတော်ပုံမတိုင်မီ လယ်သမားတို့အခြေအနေ၊ လယ်သမားအရေးတော်ပုံ ပေါ်ပေါက်လာရခြင်းတို့ကို သီးခြားလေ့လာလို့ရတယ်။ တို့ဗမာအစည်းအရုံးကာလအတွင်းမှာပဲ ခွဲရေးတွဲရေးပြဿနာ ပေါ်ပေါက်လာပြန်တယ်။ ခွဲရေးတွဲရေးပြဿနာဟာ အင်္ဂလိပ်တို့ရဲ့သွေးခွဲရေးစီမံချက်တစ်ခုဖြစ်တယ်။

 မြန်မာ့သမိုင်းတွင် မြန်မာသက္ကရာဇ် ၁၃၀ဝ ပြည့် ခရစ်နှစ် ၁၉၃၈ ဟာ ထူးခြားတဲ့နှစ်ဖြစ်တယ်။ ဒီနှစ်အတွင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ၁၃၀ဝ ပြည့်အရေးတော်ပုံလို့ မော်ကွန်းတင်ခဲ့တယ်။ ၁၃၀ဝ ပြည့်အရေး တော်ပုံဂယက်ကြောင့် မြန်မာတိုင်းရင်းသားတွေရဲ့နယ်ချဲ့ဆန့်ကျင်မှုနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုဟာ ပိုမိုပြင်းထန်လာခဲ့တယ်။ ၁၃၀ဝ ပြည့်အရေးတော်ပုံ ဖြစ်ပွားတဲ့ကာလဟာ ခရစ်နှစ်အားဖြင့် ၁၉၃၈-၁၉၃၉ ကာလဖြစ်တယ်ဆိုတာကိုလည်း သိထားရမှာဖြစ်တယ်။

ဒီကာလမှာ ဥရောပမှာ ဒုတိယကမ္ဘာစစ်ကြီးစတင်ရန် နီးကပ်လာတဲ့အချိန်ဖြစ်တယ်။ အာရှမှာလည်း ဖက်ဆစ်ဂျပန်တို့ရဲ့ခြိမ်းခြောက်မှုဟာ ပိုမိုများပြားနေတဲ့အချိန်ဖြစ်လို့ မြန်မာတို့က အင်္ဂလိပ်အခက်-ဗမာ့အချက်မူဖြင့် လွတ်လပ်ရေးရရန် ပိုမိုဆောင်ရွက်လာရာမှ ဗမာ့ထွက်ရပ်ဂိုဏ်းဆိုတာ ပေါ်ပေါက်လာတယ်ဆိုတာ သိထားရမှာဖြစ်တယ်။

မြန်မာ့သမိုင်းမှာ ၁၉၄၀-၁၉၄၅အထိ ကာလအပိုင်းအခြားဟာ အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးဆင်နွှဲတဲ့ အပိုင်းဖြစ်တယ်။ ဒီအပိုင်းကို အဆင့်နှစ်ဆင့်ခွဲခြားပြီး လေ့လာသင့်တယ်။ ပထမအဆင့်မှာ ၁၉၄၀-၁၉၄၂ ကာလအတွင်း အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခြင်းဖြစ်တယ်။ အင်္ဂလိပ်တို့အား တော်လှန်တိုက်ခိုက်ခြင်းကိုလည်း ထပ်မံပိုင်းခြားလေ့လာလို့ရတယ်။ ဥပမာ-ရဲဘော်သုံးကျိပ်၊ ဘီအိုင်အေ၊ ဘီဒီအေဆိုပြီး ခွဲခြားလေ့လာနိုင်ပါတယ်။

အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးဆင်နွှဲတဲ့ ဒုတိယအဆင့်မှာ ဖက်ဆစ်ဂျပန်တော်လှန်ရေး (၁၉၄၂-၁၉၄၅) ဖြစ်တယ်။ ဒီအပိုင်းမှာ ဖက်ဆစ်ဂျပန်တော်လှန်ရေးဆင်နွှဲရန် ဖန်တီးပေးတဲ့ အခြေအနေများ၊ အခြေခံသဘောထားနှင့်အစီအမံများ၊ အောင်မြင်မှုများဟူ၍ အပိုင်းပိုင်းပြီး လေ့လာဖို့လိုပါတယ်။

လွတ်လပ်ရေးရယူခြင်းအပိုင်းကို လေ့လာရာတွင် ဖဆပလအဖွဲ့အနေဖြင့် ဘုရင်ခံအမှုဆောင် ကောင်စီတွင် မပါဝင်မီနဲ့ ပါဝင်ပြီးနောက်ပိုင်း အခြေအနေတို့ကို လေ့လာဖို့လိုတယ်။ လွတ်လပ်ရေး အရယူခြင်းခေါင်းစဉ်ရဲ့အောက်မှာ စက္ကူဖြူစာတမ်း၊ နေသူရိန်လူထုအစည်းအဝေး၊ ကန္ဒီကွန်ဖရင့်၊ အလယ်ပစ္စယံအစည်းအဝေး၊ အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံညီလာခံ၊ နု-အက်တလီစာချုပ်ဆိုပြီးရှိတယ်။

အင်္ဂလိပ်ခေတ်၊ တစ်နည်းအားဖြင့် ကိုလိုနီခေတ်ကို လေ့လာရာမှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ယဉ်ကျေးမှုဆိုပြီး သီးခြားခွဲ လေ့လာရမှာဖြစ်တယ်။ အုပ်ချုပ်ရေးမှာ ဒိုင်အာခီမတိုင်မီ အုပ်ချုပ်ရေး၊ ဒိုင်အာခီ အုပ်ချုပ်ရေး၊ ၉၁ ဌာနအုပ်ချုပ်ရေးဆိုပြီးရှိတယ်။ ‘ဒိုင်အာခီအုပ်ချုပ်ရေးဟာ ၁၉၂၃ မှ ၁၉၃၇ အတွင်း အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်တို့ရဲ့အုပ်ချုပ်ရေးဖြစ်တယ်ဆိုတာကို သိထားရမယ်။ ‘ဒီအုပ်ချုပ်ရေးဟာ သွေးခွဲအုပ်ချုပ်ရေးဖြစ်လို့ ပြည်သူတို့က မကျေနပ်တဲ့အတွက် အုပ်ချုပ်ရေးအသစ်ဖန်တီးပေးဖို့ အင်္ဂလိပ်တို့က စီစဉ်လာပြန်တယ်။ အဲဒါကြောင့် ၉၁ဌာနအုပ်ချုပ်ရေး ပေါ်လာတယ်။ ဒီ ၉၁ ဌာန အုပ်ချုပ်ရေးကို ၁၉၃၇ မှ ၁၉၄၁ အတွင်းအုပ်ချုပ်ခဲ့တယ်။ ၉၁ ဌာန အုပ်ချုပ်ရေးအတွင်းမှာပဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တယ်။ စစ်အပြီးမှာ အင်္ဂလိပ်တို့ရဲ့ အုပ်ချုပ်ရေးပြန်စလာတဲ့အခါ စစ်အုပ်ချုပ်ရေး၊ မြို့ပြအုပ်ချုပ်ရေးနဲ့ အမျိုးသားယာယီအစိုးရဆိုပြီးတွေ့ရမယ်။ အဲဒါတွေဟာ ‘ဒုတိယကမ္ဘာစစ်ပြီးခေတ် အင်္ဂလိပ်တို့ရဲ့အုပ်ချုပ်ရေးဖြစ်တယ်။ ကိုလိုနီခေတ်အုပ်ချုပ်ရေးစနစ်ကို လေ့လာပြီးတဲ့နောက်မှာ ကိုလိုနီခေတ်စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကို ဆက်လက်လေ့လာရမှာဖြစ်တယ်။

ဂျပန်ခေတ်ကိုလေ့လာရာမှာ ဂျပန်ခေတ်အုပ်ချုပ်ရေး၊ ဂျပန်ခေတ်စီးပွားရေးဆိုပြီး လေ့လာသင့်သလို လူမှုရေး၊ ယဉ်ကျေးမှုကဏ္ဍကိုလည်း လေ့လာသင့်တယ်။

လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံအခြေအနေကိုလေ့လာရာမှာ ၁၉၄၈-၁၉၅၈ ခုနှစ် ကာလအပိုင်းအခြားဟာ ဖဆပလအစိုးရအုပ်ချုပ်တဲ့ ကာလဖြစ်တယ်။ ဒီကာလအတွင်း ပြည်တွင်းရောင်စုံ သောင်းကျန်းသူများပေါ်ပေါက်လာပုံ၊ ဖဆပလပြိုကွဲပုံတွေကို လေ့လာရမှာဖြစ်တယ်။ ပြည်တွင်း ဆူပူသောင်းကျန်းမှုများအပြင် ပြည်ပအန္တရာယ်ဖြစ်တဲ့ တရုတ်ဖြူ ကိုမင်တန်ကျူးကျော်မှုကိုလည်း တွေ့ရမှာဖြစ်တယ်။ ဖဆပလပြိုကွဲခြင်းကြောင့် အိမ်စောင့်အစိုးရ ပေါ် ပေါက်လာခြင်းဖြစ်တယ်ဆိုတာ သိရပါမယ်။

မြန်မာ့သမိုင်းတွင် ၁၉၅၈-၁၉၆၀ ကာလဟာ အိမ်စောင့်အစိုးရ တာဝန်ယူတဲ့ကာလဖြစ်တယ်။ ဒီအပိုင်းမှာ အိမ်စောင့်အစိုးရပေါ်ပေါက်လာပုံ၊ အိမ်စောင့်အစိုးရအဖွဲ့ရဲ့လုပ်ငန်းစဉ်ကြီးလေးရပ်၊ အိမ်စောင့်အစိုးရရဲ့အောင်မြင်မှု ဒါမှမဟုတ် ဆောင်ရွက်ချက်များကို လေ့လာသင့်တယ်။

မြန်မာ့သမိုင်းတွင် ၁၉၆၀-၁၉၆၂ အထိ ကာလဟာ ပြည်ထောင်စု(ပထစ)အစိုးရ တာဝန်ယူခဲ့တဲ့ ကာလဖြစ်တယ်။  ဒီကာလအတွင်း ပြည်ထောင်စုကြီး ပြိုကွဲရမယ့်အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပုံတွေကို လေ့လာသင့်တယ်။ ဒီအခြေအနေဟာ တော်လှန်ရေးကောင်စီကို ပေါ်ပေါက်လာစေတယ်ဆိုတာလည်း သိထားရမယ်။

မြန်မာ့သမိုင်းသင်ရိုးမှာ ဖဆပလ၊ အိမ်စောင့်အစိုးရ၊ ပထစအစိုးရများလက်ထက် ယေဘုယျအခြေအနေတွေကို ထည့်သွင်းထားတယ်။ ယေဘုယျအခြေအနေများဖြစ်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခြေအနေတွေကိုလည်း လေ့လာသင့်တယ်။

လွတ်လပ်ပြီးခေတ် မြန်မာ့သမိုင်းမှာ ၁၉၆၂-၁၉၇၄ အထိ ကာလကို တော်လှန်ရေးကောင်စီအစိုးရက တာဝန်ယူအုပ်ချုပ်ခဲ့ပြီး ၁၉၇၄-၁၉၈၈ အထိ ကာလဟာ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ဖြစ်တယ်။ တော်လှန်ရေးကောင်စီခေတ်နှင့် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ကာလရဲ့ ယေဘုယျအခြေ အနေများဖြစ်တဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကိုလည်း လေ့လာသိရှိဖို့လိုအပ်တယ်။

ဒါ့အပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အစိုးရနဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရများလက်ထက် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အခြေအနေတွေကို လေ့လာရမှာ ဖြစ်တယ်။

ဆက်လက်ပြီး ကမ္ဘာ့သမိုင်းနဲ့ပတ်သက်ပြီး သိကောင်းစရာတွေကို တင်ပြသွားပါမယ်။

ပထမဦးစွာ ပထမကမ္ဘာစစ်အကြောင်းကို လေ့လာမယ်ဆိုရင် စစ်ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို သိရှိဖို့လိုပါတယ်။ စစ်ဖြစ်ပွားရတဲ့အကြောင်းရင်းမှာလည်း အခြေခံအကြောင်းရင်းနဲ့ လတ်တလောအကြောင်းရင်းဟူ၍ နှစ်ပိုင်းရှိတယ်။ အခြေခံအကြောင်းရင်းတွေဟာ လေးချက်ရှိတယ်။ အဲဒါတွေက

- ကိုလိုနီအပြိုင်အဆိုင်ရှာဖွေခြင်း

- အမျိုးသားစိတ်ဓာတ်ပြင်းထန်လာခြင်း

- မဟာမိတ်စစ်အုပ်စုအပြိုင်အဆိုင်ဖွဲ့စည်းခြင်း

- လက်နက်အပြိုင်တပ်ဆင်ခြင်း

တို့ဖြစ်တယ်။ စစ်ဖြစ်ပွားရတဲ့အခြေခံအကြောင်းရင်းအပြင် လတ်တလောအကြောင်းရင်းကိုလည်း လေ့လာရမှာဖြစ်တယ်။ ဒီအခြေအနေမှတစ်ဆင့် ပထမကမ္ဘာစစ်ကြီးဖြစ်ပွားလာရတယ်။

ပထမကမ္ဘာစစ်ရဲ့ အကျိုးသက်ရောက်မှုများအနေနဲ့ ပါရီငြိမ်းချမ်းရေးညီလာခံ၊ ဗာဆိုင်းစာချုပ်တွေကို လေ့လာဖို့လိုပါမယ်။ ဗာဆိုင်းစာချုပ်မှာပါတဲ့ နယ်မြေပိုင်းခြားသတ်မှတ်ရေး၊ ဂျာမနီလက်နက် လျှော့ပေါ့ရေး၊ စစ်လျော်ကြေးနဲ့အထွေထွေစီမံချက်များဟာ မဟာမိတ်တို့အလိုကျ တစ်ဖက်သတ်ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်တယ်။ ဒါကြောင့်ဂျာမနီအင်အားပြန်ကောင်းလာတဲ့အခါ ဗာဆိုင်းစာချုပ်ပါအချက်များကို ချိုးဖောက်လာရာက ဥရောပနိုင်ငံရေးမှာ ပြဿနာများပေါ်ပေါက်လာပြီး ဒုတိယကမ္ဘာစစ်ဖြစ်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ရကြောင်းကို လေ့လာသိရှိဖို့လိုအပ်တယ်။

နိုင်ငံပေါင်းချုပ်အသင်းကြီးကို လေ့လာမယ်ဆိုရင် ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံနဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးရဲ့ လူမှုရေးလုပ်ငန်းများနဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးလုပ်ငန်းများကို လေ့လာရမှာ ဖြစ်တယ်။

ကမ္ဘာ့သမိုင်းမှာ ပထမကမ္ဘာစစ်အပြီး ထူးခြားတဲ့ဖြစ်စဉ်ကတော့ ဆိုရှယ်လစ်ရုရှားနိုင်ငံ ပေါ်ပေါက်လာခြင်းဖြစ်တယ်။ ဆိုရှယ်လစ်ရုရှားနိုင်ငံနဲ့ပတ်သက်ပြီး လေ့လာရာမှာ ၂၀ ရာစုဦး ရုရှားနိုင်ငံအခြေအနေ၊ ၁၉၀၅တော်လှန်ရေး၊ ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေး၊ ၁၉၁၇ အောက်တိုဘာ တော်လှန်ရေးဆိုပြီး သီးခြားလေ့လာရမှာဖြစ်တယ်။ ဒါ့အပြင် ဖေဖော်ဝါရီတော်လှန်ရေးဟာ ဘူဇွာတော်လှန်ရေးဖြစ်တယ်ဆိုတာ၊ အောက်တိုဘာတော်လှန်ရေးဟာ ဆိုရှယ်လစ်တော်လှန်ရေး ဖြစ်တယ်ဆိုတာကိုလည်း သိထားသင့်တယ်။

ပထမကမ္ဘာစစ်အပြီးမှာ အမျိုးသားလှုပ်ရှားမှုများ ပိုမိုအားကောင်းလာတယ်။ အမျိုးသားလှုပ်ရှားမှုအပိုင်းကို လေ့လာမယ်ဆိုရင် အိန္ဒိယ၊ အရှေ့တောင်အာရှ၊ တရုတ်ဟူ၍ ဒေသအလိုက် လေ့လာသင့်တယ်။

အိန္ဒိယမှာလည်း စစ်ပါရီအရေးတော်ပုံ၊ အိန္ဒိယအမျိုးသားကွန်ဂရက်၊ တိလတ်၏ ဆွာရဂျ်ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးလှုပ်ရှားမှုနဲ့ ဂန္ဒီရဲ့အမျိုးသားလှုပ်ရှားမှုကို အပိုင်းလိုက်လေ့လာရမှာဖြစ်တယ်။ ဂန္ဒီရဲ့ အမျိုးသားလှုပ်ရှားမှုအပိုင်းမှာလည်း ဂန္ဒီနဲ့ကွန်ဂရက်ပါတီလှုပ်ရှားမှုနဲ့ ၁၉၂၁ နောက်ပိုင်းဂန္ဒီ၏ ဦးဆောင်မှုဟူ၍ ပိုင်းခြားပြီးလေ့လာနိုင်တယ်။

အရှေ့တောင်အာရှအမျိုးသားလှုပ်ရှားမှုမှာလည်း နိုင်ငံအလိုက် သီးခြားခွဲပြီး လေ့လာကျက်မှတ်ရမယ်။ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့အမျိုးသားလှုပ်ရှားမှုမှာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အင်ဒိုချိုင်းနား၊ ဖိလစ်ပိုင်တို့ပါရှိတယ်။

တရုတ်အမျိုးသားလှုပ်ရှားမှုတွေမှာလည်း ရှေးဦးအမျိုးသားလှုပ်ရှားမှု၊ ၁၉၁၁ ဘူဇွာတော်လှန်ရေး၊ မေ ၄ အရေးတော်ပုံဆိုပြီး ပါရှိတယ်။

ပထမကမ္ဘာစစ်အပြီး ဥရောပနိုင်ငံတွေမှာ ကြီးမားတဲ့ နိုင်ငံရေး၊ စီးပွားရေးပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ချမှတ်ပြီး ပြဿနာများကို ဖြေရှင်းပေမယ့် မအောင်မြင်ခဲ့တဲ့ အခြေအနေကိုတွေ့ရတယ်။ ဒါကြောင့် နိုင်ငံအချို့မှာ အမျိုးသားဝါဒနဲ့ စစ်ဝါဒကိုအခြေခံတဲ့ အရင်းရှင်စနစ်ရဲ့အကြမ်းတမ်းဆုံးနဲ့အဆိုးရွားဆုံးဖြစ်တဲ့ ဖက်ဆစ်အာဏာရှင်စနစ်ပေါ်ပေါက်လာခဲ့တယ်။ ဖက်ဆစ်စနစ်ဟာ အီတလီမှာ ရှေးဦးစွာပေါ်ပေါက်လာပြီး ဂျာမနီ၊ ဂျပန်နိုင်ငံတွေမှာ ဆက်လက်ပေါ်ပေါက်ခဲ့တယ်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားရတဲ့အကြောင်းရင်းတွေကို လေ့လာရင် အခြေခံအကြောင်းရင်းများနဲ့ လတ်တလောအကြောင်းဟူ၍ နှစ်ပိုင်းလေ့လာဖို့လိုတယ်။

စစ်ဖြစ်ရတဲ့ အခြေခံအကြောင်းရင်းများကို သီးခြားခေါင်းစဉ်ခွဲများဖြင့် ဖော်ပြထားတယ်။ အဲဒီအခြေခံအကြောင်းရင်းများမှာ

- အရင်းရှင်နိုင်ငံအချင်းချင်း ပဋိပက္ခဖြစ်ခြင်း

- နိုင်ငံပေါင်းချုပ်အသင်းကြီး အားနည်းလာခြင်း

- မဟာမိတ်စစ်အုပ်စုများ အပြိုင်အဆိုင်ဖွဲ့စည်းလာခြင်း

- လက်နက်အပြိုင်တပ်ဆင်ခြင်း

- ဖက်ဆစ်နယ်ချဲ့ကျူးကျော်မှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးပျက်ပြားလာခြင်း

တို့ဖြစ်တယ်။ ဖက်ဆစ်နယ်ချဲ့ကျူးကျော်မှုများမှာ မန်ချူးရီးယားအရေး၊ အီသီယိုးပီးယားအရေး၊ စပိန်ပြည်တွင်းစစ်၊ သြစတြီးယားကို သိမ်းပိုက်ခြင်းနဲ့ ချက်ကိုစလိုဗားကီးယားကိုသိမ်းပိုက်ခြင်း စသည်တို့ ဖြစ်တယ်။ ဒါတွေကိုတစ်ခုချင်း လေ့လာရမှာဖြစ်တယ်။ အဆိုပါ ကျူးကျော်မှုတွေဟာ စစ်ဖြစ်ဖို့ ဦးတည်လာခြင်းဖြစ်တယ်။ အဲဒီအခြေအနေမှာ ပိုလန်ကို ဂျာမန်တို့ကျူးကျော်လိုက်ရာမှတစ်ဆင့် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားရတယ်။

ဒုတိယကမ္ဘာစစ်ရဲ့အကျိုးသက်ရောက်မှုတွေကတော့ အမေရိကန်ပြည်ထောင်စု ထိပ်သီးအင်အားကြီးနိုင်ငံဖြစ်လာခြင်း၊ ဆိုဗီယက်နိုင်ငံ ထိပ်သီးအင်အားကြီးနိုင်ငံဖြစ်လာခြင်းနဲ့ ကိုလိုနီလက်အောက်ခံနိုင်ငံများ လွတ်လပ်ရေးရရှိလာခြင်းတို့ဖြစ်တယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဟာလည်း ကမ္ဘာ့သမိုင်းမှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်။  အသင်းကြီးပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းပုံနဲ့ ဆောင်ရွက်ချက်များကို သီးခြားလေ့လာသိရှိဖို့လိုအပ်တယ်။ ဒုတိယကမ္ဘာစစ်ပြီးကာလတွင် ဥရောပ၌ ဆိုရှယ်လစ်စနစ်ကျယ်ပြန့်လာတယ်။

ဂျာမန်လက်အောက်ခံ အရှေ့ဥရောပနိုင်ငံများတွင် နာဇီဆန့်ကျင်ရေး၊ ပြည်သူ့လွတ်မြောက်ရေး စစ်ပွဲများဆင်နွှဲရာမှာ ဆိုဗီယက်နိုင်ငံမှ အကူအညီများပေးခဲ့တယ်။ ဒုတိယကမ္ဘာစစ်ပြီးကာလတွင် အရှေ့ဥရောပနိုင်ငံတွေဟာ ဆိုဗီယက်အကူအညီနဲ့ ဆိုရှယ်လစ်အစိုးရများကို ထူထောင်ခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်အပြီးတွင် လွတ်မြောက်သော အရှေ့ဥရောပနိုင်ငံများအား စုစည်းကာ ဆိုဗီယက်ဦးဆောင်တဲ့ ဆိုရှယ်လစ်အုပ်စုအဖြစ် ပေါ်ပေါက်လာခြင်းဟာ ထူးခြားတဲ့သမိုင်းဖြစ်ရပ်တစ်ခုဖြစ်တယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလမှာ ပေါ်ပေါက်လာခဲ့တဲ့ စစ်အေးဟာလည်း ထူးခြားတဲ့ သမိုင်းဖြစ်စဉ်တစ်ခုဖြစ်တယ်။ စစ်အေးအကြောင်းလေ့လာတဲ့အခါ စစ်အေးရဲ့သဘောနဲ့ ပေါ်ပေါက်လာပုံတို့ကို လေ့လာသင့်တယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးတဲ့အခါ အမေရိကန်နိုင်ငံဟာ စစ်ဒဏ်မှကင်းလွတ်ပြီး ထိပ်သီးအင်အားကြီးနိုင်ငံအဖြစ်ရပ်တည်လာနိုင်ခဲ့တယ်။ စစ်ဒဏ်ကြောင့် အင်အားကျဆင်းခဲ့ရတဲ့ ဥရောပအင်အားကြီးနိုင်ငံများဖြစ်ကြတဲ့ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနိုင်ငံတို့ကို စစ်ရေး၊ စီးပွားရေး အကူအညီများပေး၍ ခေါင်းဆောင်နေရာကို ရယူခဲ့တယ်။ ဒါကြောင့် အမေရိကန်ဦးဆောင်တဲ့အုပ်စုကို အနောက်အုပ်စု (သို့) အရင်းရှင်အုပ်စု(သို့) လက်ယာအုပ်စုလို့ခေါ်တယ်။ ဆိုဗီယက်နိုင်ငံဟာ စစ်ဒဏ်ခံခဲ့ရတဲ့ ပိုလန်၊ ချက်ကိုစလိုဗားကီးယား၊ ရူမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီ စတဲ့ အရှေ့ ဥရောပနိုင်ငံများကို ဦးဆောင်လာပြီး ဆိုဗီယက်ဦးဆောင်တဲ့အုပ်စုကို အရှေ့အုပ်စု (သို့) ကွန်မြူနစ်အုပ်စု (သို့) လက်ဝဲအုပ်စုလို့ခေါ်တယ်။ ဒီအုပ်စုနှစ်စုဟာ နိုင်ငံရေး၊ စီးပွားရေး ခံယူချက် တူညီမှု မရှိသကဲ့သို့ အမြင်ချင်းတူညီမှုလည်း မရှိတာကိုတွေ့ရတယ်။

အနောက်ဥရောပနိုင်ငံများအနေနဲ့လည်း စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအပြင် စစ်ရေးအရလည်း ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းလာကြတယ်။ ထင်ရှားတဲ့သာဓကတွေကတော့ -

၁။ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)

၂။ အန်ဇတ် (ANZUS)

၃။ အရှေ့တောင်အာရှစာချုပ်အဖွဲ့ (SEATO)

၄။ ဗဟိုစာချုပ်အဖွဲ့ (CENTO)

များဖွဲ့စည်းခြင်းဖြစ်တယ်။

ဆိုဗီယက်နိုင်ငံကလည်း အရှေ့ဥရောပနိုင်ငံများမှာ ဆိုဗီယက်နိုင်ငံကဲ့သို့သော ကွန်မြူနစ်စနစ် အခြေခံသော စီးပွားရေးစီမံကိန်းများချမှတ်၍ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ရန်အတွက် ဝါဆော(Warsaw) စစ်စာချုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ဒီလိုနဲ့ ဆိုဗီယက်ဦးဆောင်တဲ့ အရှေ့အုပ်စုနဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုတို့ဟာ စစ်အုပ်စုများအပြိုင်အဆိုင် ဖွဲ့စည်းပြီးနောက် မဟာဗျူဟာလက်နက်များ အပြိုင်အဆိုင်တပ်ဆင်လာကြတယ်။

စစ်အေးကာလမှာ နိုင်ငံတကာအရေးအခင်းများလည်း ပေါ်ပေါက်လာတယ်။ ထင်ရှားတဲ့ နိုင်ငံတကာအရေး အခင်းတွေကတော့

(၁) ဂျာမန်ပြဿနာ၊ ဘာလင်ပိတ်ဆို့မှု

(၂) ကိုရီးယားစစ်

(၃) စူးအက်အရေးအခင်း

(၄) ကျူးဘားဒုံးပျံအရေးအခင်း

တို့ဖြစ်တယ်။ နိုင်ငံတကာအရေးအခင်းတွေ ဘယ်လိုပေါ်ပေါက်လာပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို မည်ကဲ့သို့ ခြိမ်းခြောက်ခဲ့ပုံကို လေ့လာသင့်တယ်။

ကမ္ဘာ့သမိုင်းတွင် ဆိုရှယ်လစ်ရုရှားနိုင်ငံအပြောင်းအလဲဖြစ်ခြင်း၊ ဆိုရှယ်လစ်အုပ်စုပြိုကွဲခြင်းနှင့် စစ်အေးကာလပြီးဆုံးခြင်း ခေါင်းစဉ်တွေကလည်း နိုင်ငံတကာရေးရာမှာ ထူးခြားတဲ့ ခေါင်းစဉ်များဖြစ်တဲ့အတွက် လေ့လာသင့်တယ်။

ကမ္ဘာ့သမိုင်းသင်ရိုးတွင် အာရှနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအကြောင်းကိုလည်း လေ့လာရမှာ

ဖြစ်တယ်။

အလားတူ အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကိုလည်း လေ့လာသင့်တယ်။ ၁၉၄၅ မှ ၁၉၅၂ အထိ အသိမ်းပိုက်ခံကာလအနေအထားနဲ့ ခေတ်ပြိုင်ဂျပန်နိုင်ငံ အနေအထားတွေကို သိရှိရမှာဖြစ်တယ်။

ကမ္ဘာ့သမိုင်းကိုလေ့လာရာမှာ အရှေ့တောင်အာရှဒေသကိုလည်း လေ့လာသင့်တယ်။ အရှေ့တောင်အာရှဒေသမှာ နိုင်ငံတစ်နိုင်ငံချင်းရဲ့ နိုင်ငံသစ်များပေါ်ပေါက်လာခြင်းနှင့် နိုင်ငံတော်တည်ဆောက်ရေး ကြိုးပမ်းမှုများကို လေ့လာသိရှိရမှာဖြစ်တယ်။

အရှေ့တောင်အာရှသမိုင်းကို လေ့လာရာမှာ အာဆီယံ(အရှေ့တောင်အာရှနိုင်ငံများအသင်း)ဟာ အရေးပါတဲ့အတွက် လေ့လာသင့်တယ်။

ဆက်လက်ပြီး မြန်မာနိုင်ငံ၏ ဘက်မလိုက်လှုပ်ရှားမှု၊ မြန်မာနိုင်ငံနှင့် ဘင်းမ်စတက်အဖွဲ့၊ မြန်မာနိုင်ငံနှင့် မဟာမဲခေါင်ဒေသခွဲ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း လေ့လာသိရှိဖို့လိုအပ်တယ်။

တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ရဲ့ မေးခွန်းဟာ အပိုင်း(က)၊ အပိုင်း (ခ)၊ အပိုင်း(ဂ)၊ အပိုင်း(ဃ) ဟူ၍ အပိုင်းလေးပိုင်း ပါဝင်မှာဖြစ်တယ်။ မေးခွန်းအပိုင်း လေးပိုင်းလုံးကို ဖြေဆိုရမှာဖြစ်တယ်။

မေးခွန်း အပိုင်း (က) မှာ နံပါတ် ၁။ (က)၊ ၁။ (ခ)၊ ၁။ (ဂ) ဆိုပြီး ပါရှိမှာဖြစ်တယ်။ နံပါတ် ၁။ (က) မေးခွန်းက ‘အောက်ပါကွက်လပ်များ၌ ဖြည့်စွက်ရမည့် အဖြေများကို အဖြေစာအုပ်တွင်ရေးပါ။’ ဟူ၍ဖြစ်တယ်။ မြန်မာ့သမိုင်းမှ ငါးပုဒ်၊ ကမ္ဘာ့သမိုင်းမှ ငါးပုဒ်၊ စုစုပေါင်း ၁၀ ပုဒ် ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်ဟာ ၁ မှတ်ဖြစ်ပြီး စုစုပေါင်း ရမှတ်မှာ ၁၀ မှတ် ဖြစ်တယ်။

မေးခွန်း အပိုင်း (က) နံပါတ် ၁။ (ခ) မေးခွန်းမှာ ‘အောက်ဖော်ပြချက်များကို ‘မှား’ သို့မဟုတ် ‘မှန်’ ဖြေဆိုပါ။ ဖြေဆိုချက်များကို အဖြေစာအုပ်တွင် ရေးပါ’ ဟူ၍ဖြစ်ပြီး ‘မှား’ သို့မဟုတ် ‘မှန်’ ကို ရေးဖြေရန်ဖြစ်တယ်။ နံပါတ် ၁။ (ခ) မေးခွန်းမှာ မြန်မာ့သမိုင်းမှ သုံးပုဒ်နဲ့ ကမ္ဘာ့သမိုင်းမှ နှစ်ပုဒ်၊ စုစုပေါင်း ငါးပုဒ်ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်မှာ ၁ မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်မှာ ၅ မှတ်ဖြစ်တယ်။

မေးခွန်း အပိုင်း (က) ၏ နံပါတ် ၁။ (ဂ) မေးခွန်းမှာ ‘အောက်ဖော်ပြပါ မေးခွန်းတစ်ခုစီအတွက် ပေးထားသောအဖြေ (က)၊ (ခ)၊ (ဂ) တို့အနက်မှ အဖြေမှန်တစ်ခုကို အဖြေစာအုပ်တွင် ရေးပါ’ ဟူ၍ဖြစ်တယ်။ မှန်တဲ့အဖြေကို အဖြေစာအုပ်မှာ ရေးရမှာဖြစ်တယ်။ နံပါတ် ၁။ (ဂ) မေးခွန်းမှာ မြန်မာ့သမိုင်း နှစ်ပုဒ်နဲ့ ကမ္ဘာ့သမိုင်း သုံးပုဒ်၊ စုစုပေါင်းငါးပုဒ်ပါရှိမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်မှာ ၁ မှတ်ဖြစ်ပြီး စုစုပေါင်း ရမှတ်မှာ ၅ မှတ်ဖြစ်တယ်။

မေးခွန်း အပိုင်း (ခ) မှာ မှတ်စုတိုမေးခွန်းဖြစ်ပြီး မြန်မာ့သမိုင်းမှတ်စုတို လေးပုဒ်နဲ့ ကမ္ဘာ့သမိုင်းမှတ်စုတို လေးပုဒ်တို့ ပါရှိမှာဖြစ်တယ်။ ယင်းတို့အနက်မှ ကြိုက်နှစ်သက်ရာ မှတ်စုတို လေးပုဒ်ကို ဖြေဆိုရမှာဖြစ်တယ်။ မှတ်စုတို တစ်ပုဒ်ရမှတ်မှာ ၅ မှတ်ဖြစ်ပြီး စုစုပေါင်းရမှတ်မှာ ၂၀ မှတ်ဖြစ်တယ်။

မေးခွန်း အပိုင်း(ဂ) မှာ မြန်မာ့သမိုင်း မေးခွန်းများဖြစ်ပြီး စုစုပေါင်းငါးပုဒ်ပါရှိမှာ ဖြစ်တယ်။ ယင်း ငါးပုဒ်အနက်မှ ကြိုက်နှစ်သက်ရာ နှစ်ပုဒ်ကို ဖြေဆိုရမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်မှာ ၁၅ မှတ်ဖြစ်ပြီး နှစ်ပုဒ်အတွက် စုစုပေါင်း ရမှတ်မှာ ၃၀ မှတ် ဖြစ်တယ်။

မေးခွန်း အပိုင်း (ဃ) မှာ ကမ္ဘာ့သမိုင်း မေးခွန်းများဖြစ်ပြီး စုစုပေါင်း ငါးပုဒ် ပါရှိမှာ ဖြစ်တယ်။ ယင်းငါးပုဒ် အနက်မှ ကြိုက်နှစ်သက်ရာ နှစ်ပုဒ်ကို ဖြေဆိုရမှာဖြစ်တယ်။ တစ်ပုဒ်ရဲ့ ရမှတ်မှာ ၁၅ မှတ်ဖြစ်ပြီး နှစ်ပုဒ်အတွက် စုစုပေါင်းရမှတ်မှာ ၃၀ မှတ် ဖြစ်တယ်။

ကျောင်းသား ကျောင်းသူများကို မှာချင်တာကတော့

၁။ သမိုင်းဘာသာရပ်ကိုလေ့လာရာတွင် သမိုင်းစဉ်ဆက်စပ်မှုကို သတိထားရန်

၂။ ခေါင်းစဉ်ကိုရွေး၍ မလေ့လာရန်

၃။ ပြဋ္ဌာန်းစာအုပ်ကို အလေးပေးလေ့လာရန်

၄။ မေးခွန်းကို သေသေချာချာဖတ်ရန်

၅။ မေးသည်ကိုသာ ဖြေဆိုရန်

ဖြစ်ကြောင်း တင်ပြရင်းပို့ချချက်ကို ရပ်နားလိုက်ပါတယ်။