၂၀၁၈ ခုနှစ်သည် အပူချိန်အမြင့်မားဆုံး စံချိန်တင်သည့်နှစ်ဟု ကမ္ဘာ့မိုးလေ၀သအဖွဲ့ ပြောကြား

ဂျီနီဗာ ၂၇ နိုဝင်ဘာ  

ကမ္ဘာ့လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှင့် အခြားဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့ များပမာဏသည် ၂၀၁၈ ခုနှစ်တွင် အမြင့်မားဆုံးအထိ မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့မိုးလေ၀သအဖွဲ့ (ဒဗလျူအိုအမ်) က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

စပိန်နိုင်ငံတွင် လာမည့် သီတင်းပတ်အတွင်း ကျင်းပမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP 25) မတိုင်မီ နိုဝင်ဘာ ၂၅ ရက်တွင် ဂျီနီဗာမြို့၌ ကမ္ဘာ့မိုးလေ၀သအဖွဲ့က ၎င်းတို့၏ တွေ့ရှိမှုကို ကြေညာခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ လေထုထဲ၌ ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်မှုသည် ၄၀၇ ပီပီအမ်အထိ ရောက်ခဲ့ကြောင်း ကမ္ဘာ့မိုးလေ၀သအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းပမာဏမှာ စစ်တမ်းစတင်ကောက်ယူခဲ့ချိန်မှစ၍ အမြင့်မားဆုံးဖြစ်သည်။

၎င်းအပြင် လေထုထဲ၌ မီသိန်း ၁၈၆၉ ပီပီအမ်အထိ အမြင့်ဆုံးရောက်ရှိခဲ့သည်ဟု ယင်းအဖွဲ့က ပြောကြားသည်။

ယင်းနှုန်းအတိုင်း ဓာတ်ငွေ့ပမာဏများ ဆက်လက်မြင့်တက်နေပါက အပူချိန်မြင့်မားမှု၊ ရေမလုံလောက်မှုနှင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုများအပါအဝင် ရာသီဥတုပြောင်းလဲမှု ပြင်းထန်သည့်ဂယက်များကို နောင်အနာဂတ်၏မျိုးဆက်များ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ မိုးလေ၀သအဖွဲ့ အတွင်းရေးမှူးချုပ် ပက်တာရီတာလတ်စ်က သတိပေးပြောကြားသည်။

လာမည့် သီတင်းပတ်တွင် ကျင်းပမည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP 25) ညီလာခံတွင် ကမ္ဘာ့မိုးလေ၀သအဖွဲ့၏ အစီရင်ခံစာအား ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။

ကိုးကား-အင်န်အိတ်ချ်အေ၊ ဘာသာပြန်-ဇော်ဝင်း