2018 South East Asian Amateur Golf Team Championship (PUTRA CUP) ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

2018 South East Asian Amateur Golf Team Championship (PUTRA CUP) ဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစည်းအဝေးအား ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး တက်ရောက် အမှာစကား ပြောကြား၍ ဦးဆောင်ဆွေးနွေးခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်အတူ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီး၏ အရာရှိကြီးများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒုတိယအမြဲတမ်းအတွင်းဝန်မှ အမှာစကားပြောကြားပြီး ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအောင်မှ ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 

 

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသည့် ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများမှ ပြိုင်ပွဲလုံခြုံရေးကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စရပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ ဗီဇာကတ်ရရှိရေးကိစ္စရပ်များ၊ လျှပ်စစ်မီးကိစ္စရပ်များ၊ ပြိုင်ပွဲဝင်များနှင့် ပတ်သက်သောကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပရေးနေရာတွင် အင်တာနက် ရရှိရေးကိစ္စရပ်များ၊ ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုပေးပွဲအခမ်းအနားများ ပေါင်းစပ်ညှိနှိုင်းရေး ကိစ္စရပ်များအား အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဒုတိယအမြဲတမ်းအတွင်းဝန်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

 

ဂေါက်သီးရိုက်ပြိုင်ပွဲကို နေပြည်တော်ရှိ မြို့တော်ဂေါက်ကွင်း၌ ဒီဇင်ဘာ (၂၀)ရက်မှ (၂၃) ရက်ထိ 58th Putra Cup ပြိုင်ပွဲ၊ 12th Lion City Cup ပြိုင်ပွဲ၊ 10th Santi Cup ပြိုင်ပွဲ၊ 6th Kantini Cup ပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင် (၁၂) နိုင်ငံမှ အားကစားသမား (၁၀ဝ) ခန့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 

 

အား/ကာ