၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၅) ခုတွင် အခြေစိုက်စခန်း (၂၈) ခုဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်

မုံရွာ ၁၅  သြဂုတ်

 ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး လုပ်ငန်းဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် သြဂုတ်လ (၁၅) ရက် နံနက် (၉) နာရီက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ကျောင်းပြင်ပမူလတန်းပညာရေးကို တိုင်းဒေသကြီးအတွင်း သင်ကြားရေးဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးက ကျောင်းပြင်မူလတန်းပညာရေးလုပ်ငန်း ဖွင့်လှစ်မည့် မြို့နယ်များရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများအား ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တာဝန်ပေးအပ်လွှာများကို လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထူးချွန်ဆုများနှင့်  ကျောင်းပြင်ပမူလတန်း ပညာရေး စနစ်မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူ (၁၅)ဦးအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ကျောင်းပြင်ပ မူလတန်းပညာရေးကို တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအတွက်  ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေးလုပ်ငန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့တွင် အခြေစိုက် စခန်း(၇)ခုဖြင့်လည်းကောင်း၊ ဆားလင်းကြီးမြို့နယ်တွင် အခြေစိုက်စခန်း (၄)ခုဖြင့်လည်းကောင်း၊ တန့်ဆည်မြို့နယ်တွင် အခြေစိုက်စခန်း(၇)ခုဖြင့်လည်းကောင်း၊ ကောလင်းမြို့နယ်တွင် အခြေစိုက်စခန်း(၂)ခုဖြင့်လည်းကောင်း၊ ကလေးမြို့နယ်တွင် အခြေစိုက်စခန်း (၈)ခုဖြင့်လည်းကောင်း၊ အခြေစိုက်စခန်း စုစုပေါင်း(၂၈)ခုဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။      

                  

ဝင်းဦး(ဇေယျာတိုင်း)

 

mdn