၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် လူထုစိန်ဝင်း ပညာသင်ဆုကို စက်တင်ဘာ ၁၅ ရက်ထိ လျှောက်ထားနိုင်မည်

၂၇ ဩဂုတ်


၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် လူထုစိန်ဝင်း ပညာသင်ဆုကို စက်တင်ဘာ ၁၅ ရက်ထိ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း လူထုစိန်ဝင်းပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။

 

အဆိုပါ ပညာသင်ဆု လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရန်လိုအပ်ပြီး ပညာရေးလိုလားသူ၊ ထူးချွန်သူဖြစ်ပြီး ပညာဆက်လက်သင်ယူရန် ငွေကြေးအခက်အခဲ အမှန်တကယ်ကြုံတွေ့နေသူ ဖြစ်ရန်လိုကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

 

ပညာသင်ဆု ရွေးချယ်ရာတွင်လည်း လျှောက်ထားသူ၏ ပညာထူးချွန်မှု၊ တက်ရောက်လိုသော သင်တန်း/ ကျောင်း/ တက္ကသိုလ်သည် အနာဂတ်တိုင်းပြည်အတွက် အသုံးဝင်မှု၊ လျှောက်ထားသူ၏ ဘဝရည်မှန်းချက်၊ ပညာသင်ဆု ရန်ပုံငွေတို့အပေါ် မူတည်ကာ ရွေးချယ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း လူထုစိန်ဝင်းပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။

 

လူထုစိန်ဝင်း ပညာသင်ဆုကို ရည်ရွယ်ချက်သုံးခုဖြင့် ပေးအပ်နေခြင်းဖြစ်ပြီး ယင်းရည်ရွယ်ချက်များမှာ  တိုင်းပြည်၏ နေရာအနှံ့တွင် ရှိနေသော ပညာထူးချွန်ပါလျက်၊ ပညာလိုချင်ပါလျက်နှင့် ငွေကြေးမတတ်နိုင်၍ ပညာဆက်လက် မသင်ကြားနိုင်သော လူငယ်များ ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရန်၊ လူငယ်များကို ပြုစုပျိုးထောင်ပေးခြင်းဖြင့် တိုင်းပြည်အတွက် လိုအပ်လျက်ရှိသော ကဏ္ဍအသီးသီးကို ဖြည့်ဆည်းကာ တိုင်းပြည်၏ အနာဂတ်ကို တစ်ဖက်တစ်လမ်းမှ ထုဆစ်ပေးနိုင်ရန်နှင့် ကဏ္ဍအသီးသီးမှ တိုင်းပြည်အတွက်၊ လူထုအတွက်၊ အမှန်တရားအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည့်သူများ ပေါ်ပေါက်လာစေရန်တို့ ဖြစ်သည်။

 

အဆိုပါ လူထုစိန်ဝင်း ပညာသင်ဆုကို ဆရာကြီး လူထုစိန်ဝင်း ကွယ်လွန်ခဲ့ပြီး နောက်ပိုင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် စတင်ပေးအပ်ခဲ့ခြင်းဖြစ်ကာ ၂၀၁၉ ခုနှစ် ဇွန်အထိ ကျောင်းသူ/ကျောင်းသား ၇၈ ဦးကို ပေးအပ်နိုင်ခဲ့ကြောင်း၊ ယင်းအနက် ၃၇ ဦးမှာ တက္ကသိုလ် ပညာဆုံးခန်းတိုင်သည်အထိ သင်ယူနိုင်ခဲ့ပြီး ကျန်ရှိနေသူများအား ဆက်လက်ထောက်ပံ့နေကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ ပြည့်နှစ် ပညာသင်နှစ်အတွက် လူထုစိန်ဝင်း ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် ပညာသင်ဆု လျှောက်လွှာတွင် အချက်အလက်များ ဖြည့်စွက်၍ လူထုစိန်ဝင်းပညာသင်ဆု ရွေးချယ်ရေးအဖွဲ့၊ အမှတ် ၅၀၁၊ ကုန်သည်လမ်းနှင့် ၃၉ လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁ - ၃၇၅၁၇၇ သို့လည်းကောင်း၊ [email protected] အီးမေးလ်သို့လည်းကောင်း ပေးပို့ရမည်ဖြစ်သည်။

 

ထို့ပြင် ပညာသင်ဆုအတွက် ငွေကြေးလှူဒါန်းလိုသူများအနေဖြင့် ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ထံသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း