၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် တတိယတန်း(Grade-3) သင်ရိုးသစ် တိုင်းဒေသကြီးအဆင့် သင်တန်းဖွင့်လှစ်

မန္တလေး  ၁   ဧပြီ 

 

ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တတိယတန်း(Grade-3) သင်ရိုးသစ် တိုင်းဒေသကြီးအဆင့် သင်တန်းဖွင့်ပွဲကို ဧပြီ ၁ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

 

အဆိုပါဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါ်သန်းမြင့်က ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ စာကို အလွတ်ကျက်မှတ်သည့် စနစ်မှ ၂၁ ရာစု ကျွမ်းကျင်မှုများဖြစ်သည့် စဉ်စားဝေဖန် တွေးခေါ်နိုင်ခြင်း၊ တီထွင်ဖန်တီးနိုင်ခြင်း၊ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ ပြေပြစ်စွာ ဆက်သွယ်ဆက်ဆံနိုင်ခြင်း အစရှိသည့် အရည်အသွေးများ ရရှိစေရန်ရည်ရွယ်၍ သင်ရိုးညွှန်းတမ်းများကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်၍ သင်ရိုးသစ်များဖြင့် ပြုပြင်ပြောင်းလဲ သင်ကြားပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ သင်ရိုးသစ်များ ပြုပြင်ပြောင်းလဲမှုတွင် သင်ယူမည့် ကလေးများအတွက် အလွန်အရေးပါသကဲ့သို့ လက်တွေ့သင်ကြားမည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးပါကြောင်း ထို့ကြောင့် မြန်မာ့ပညာရေးစနစ်ပြုပြင်ပြောင်းလဲရာတွင် အလွန်အရေးပါလှသည့် ဆရာ၊ ဆရာမများအနေဖြင့် မူလတန်းအရွယ် ကျောင်းသားကျောင်းသူများ အနာဂတ် သားကောင်းရတနာများ ဖြစ်ပေါ်လာစေရန်အတွက် သင်ရိုးသစ်ပြောင်းလဲမှုတွင် သင်ကြားရေးကို အထူးအလေးထားဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

 

အဆိုပါ Grade-3 သင်ရိုးသစ်တွင် ဘာသာရပ် ၁၀ ခု ပါဝင်ပြီး ယခုတိုင်းဒေသကြီးအဆင့်သင်တန်းကို မန္တလေးတိုင်းဒေသကြီး အတွင်း ၂၈ မြို့နယ်မှ လက်ထောက်မြို့နယ်ပညာရေးမှူးများ၊ မူလတန်းကျောင်းအုပ်ကြီးများ စုစုပေါင်း ၂၄၈ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ ၂၆ ဦးမှ ပို့ချသွားမည်ဖြစ်ကာ အဆိုပါသင်တန်းကို ဧပြီ ၁ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မူလတန်းအဆင့် သင်ရိုးသစ်များကို ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်တွင် KG ၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Grade-1 နှင့် ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်တွင် Grade-2 သင်ရိုးညွှန်းတမ်းများကို ပြောင်းလဲဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် Grade-3 နှင့် အလယ်တန်းဆင့် Grade-6 သင်ရိုးညွှန်းတမ်းများကို ပြောင်းလဲသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)