၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း တီမောနှင့် စတင်တွေ့ဆုံ

၂၂ ဇူလိုင် 


၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် တီမောအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။


ယင်းပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က) တွင် ထိုင်း၊ မြန်မာ၊ တီမော၊ ကမ္ဘောဒီးယား၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ သြစတြေးလျအသင်းတို့ ပါဝင်နေသည်။ ပွဲစဉ် ရေးဆွဲထားမှုအရ မြန်မာအသင်းသည် အောက်တိုဘာ ၂၁ ရက်တွင် တီမောအသင်း၊ အောက်တိုဘာ ၂၂ ရက်တွင် ကမ္ဘောဒီးယားအသင်း၊ အောက်တိုဘာ ၂၃ ရက်တွင် လက် ရှိချန်ပီယံ ထိုင်းအသင်းတို့နှင့် ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။ 


အုပ်စုပွဲစဉ်များကို အောက်တိုဘာ၂၁ ရက်မှ ၂၃ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို အောက် တိုဘာ၂၅ ရက်၊ တတိယနေရာလုပွဲ နှင့် ဗိုလ်လုပွဲကို အောက်တိုဘာ၂၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင် ပွဲတွင် ၂၀ဝ၆ ခုနှစ်မှစ၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး  ဒုတိယတစ်ကြိမ်၊ တတိယနှစ်ကြိမ် ရထားသည်။ ယင်း ပြိုင်ပွဲတွင် နာမည်ကြီးထိုင်းအသင်း ကြီးစိုးထားပြီး ၁၄ ကြိမ် ဗိုလ်စွဲထားသည်။ မြန်မာအသင်းသည် ၂၀၁၆ ပြိုင်ပွဲတွင် ဒုတိယဆုရပြီး ၂၀ဝ၆ နှင့် ၂၀၁၇ ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည်။ 


မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် ယခုလကုန်ပိုင်းတွင် စခန်းဝင်လေ့ကျင့်မှုစတင်ပြုလုပ်မည်ဖြစ်ပြီး ကစားသမား ၃၀ ဝန်းကျင်ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။ ယင်းအသင်းကို ဦးဌေးမြင့်က ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ၎င်းသည် ၂၀၁၆ ပြိုင်ပွဲတွင် ဒုတိယနှင့် ၂၀၁၇ ပြိုင်ပွဲတွင် တတိယဆုရအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြဖြစ်သည်။


သတင်း-ရဲရင့်ရှိုင်း