၂၀၁၉ အာရှဖူဆယ်ကလပ်ပြိုင်ပွဲတွင် VUC အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ရန်ကုန် ၁၇ မေ

မြန်မာကလပ် VUC ဖူဆယ်အသင်း (Victoria University College) သည် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှဖူဆယ်ကလပ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို သြဂုတ် ၇ ရက်မှ ၁၇ ရက်အထိ ဘန်ကောက်မြို့ရှိ  Futsal Arena Indoor Stadium ၌ ကျင်းပမည်ဖြစ်သည်။

မြန်မာဖူဆယ်ကလပ်အသင်းများသည် ယခုနှစ်တွင် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲနှင့် အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲနှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲနှင့် ၂၀၁၈ MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် MIU အသင်းသည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သောကြောင့် ဖူဆယ်လိဂ်တွင် ဒုတိယရသည့် VUC အသင်းက အာရှကလပ် ဖူဆယ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

 အာရှကလပ် ဖူဆယ်ပြိုင်ပွဲတွင် အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး  မြန်မာနိုင်ငံမှ VUC FC နှင့်အတူ ထိုင်းကလပ် Port Futsal Club၊ အီရန်ကလပ် Mes Sungun Varzeqau FC ၊ ဗီယက်နမ် ကလပ် Thai Son Nam FC ၊ လက်ဘနွန်ကလပ် Bank of Beirut FC၊ အီရတ်ကလပ် Naft Al Wasat FC ၊ ဂျပန်ကလပ် Nagoya Oceans FC၊ အင်ဒိုနီးရှားကလပ် Vamos FC ၊ ကာဂျစ္စတန်ကလပ် FCErem ၊ ယူအေအီးကလပ် Al-Dhafra Sport & Cultural Club ၊ တရုတ်ကလပ် Shenzhen Nanling Tielang FC ၊ ကာတာကလပ် Al Rayyan SC ၊ တာဂျစ်ကစ္စတန်ကလပ် Soro Company ၊ ဥဇဘက်ကစ္စတန်ကလပ် AGMK FC ၊ တောင်ကိုရီးယားကလပ် Star FS Seoul နှင့် ကူဝိတ်ကလပ် Kazma SC တို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဇွန် ၂၇ ရက်တွင် အာရှဘောလုံးအဖွဲ့ချုပ်ရုံးတည်ရှိရာ မလေးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ်  VUC FC သည် ဆီဒင်သတ်မှတ်ချက် Pot 4 တွင် ပါဝင်လျက်ရှိသည်။

ရဲရင့်ရှိုင်း