၂၀၁၉ ခုနှစ် အိုအီးစီဒီအရင်းအနှီးဈေးကွက်ဆိုင်ရာ အစီရင်ခံစာသစ်ကဖော်ထုတ်ခဲ့သော ကမ္ဘာ့စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီများ၏ပိုင်ရှင်များအကြောင်း (အပိုင်း-၃)

၁၀ ဇန်နဝါရီ

၂၀၁၉ ခုနှစ်အတွက် အိုအီးစီဒီရဲ့ အရင်းအနှီးဈေးကွက်ဆိုင်ရာ စာစဉ်တစ်ခုအဖြစ် “ကမ္ဘာ့စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ပိုင်ရှင်များအကြောင်း အစီရင်ခံစာသစ် တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း၊ ကမ္ဘာ့စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီတွေရဲ့ ထူးခြားတဲ့ဝိသေသလက္ခဏာ သုံးရပ်ရှိကြောင်း၊ အစီရင်ခံစာမှာပါဝင်တဲ့ အဓိကတွေ့ရှိချက် တွေနဲ့ ရင်းနှီးမြှုပ်နှံသူအမျိုးအစားအလိုက် နိုင်ငံဒေသ အသီးသီးမှာ ပိုင်ဆိုင်မှုကွဲပြားချက်တွေကို ၂၃-၁၂-၂၀၁၉ နဲ့ ၃-၁-၂၀၂၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွေမှာ ရေးသားတင်ပြခဲ့ပါတယ်။ ဆက်လက်ပြီး အဲဒီအစီရင်ခံစာမှာဖော်ပြထားတဲ့ ဈေးကွက်တစ်ခုချင်းစီအလိုက် ရင်းနှီး မြှုပ်နှံသူ အမျိုးအစားကွဲပြားခြားနားမှုနဲ့ ကမ္ဘာနှင့်တစ်ဝန်း အစုရှယ်ယာဈေးကွက်တွေမှာ နိုင်ငံခြားသားရင်းနှီး မြှုပ်နှံသူတွေ သိသိသာသာ တိုးတက်များပြားလာမှုကို တင်ပြပါရစေ။

ဈေးကွက်တစ်ခုချင်းစီအလိုက် ရင်းနှီးမြှုပ်နှံသူ အမျိုးအစားကွဲပြားတည်ရှိမှုဟာ အလွန်များပြားကြောင်း တွေ့ရှိရပါတယ်။ ပုံ-၂ ကို ကြည့်မယ်ဆိုရင် ဈေးကွက် တစ်ခုချင်းစီမှာရှိတဲ့ စုစုပေါင်းအမေရိကန်ဒေါ်လာနဲ့ တန်ဖိုးသင့်ထားတဲ့ပိုင်ဆိုင်မှု အခြေခံအပေါ်မှာရင်းနှီးမြှုပ်နှံ သူ အမျိုးအစားအလိုက် ပိုင်ဆိုင်မှုကွဲပြားမှုကို ဖော်ပြ ထားပါတယ်။ ချီလီ၊ ဖိလစ်ပိုင်နဲ့ တူရကီဈေးကွက်တွေမှာရှိတဲ့ ပုဂ္ဂလိက ကော်ပိုရေးရှင်းတွေနဲ့ ဦးပိုင်ကုမ္ပဏီ တွေဟာ စာရင်းဝင်ကုမ္ပဏီတွေရဲ့ အစုရှယ်ယာရင်းနှီးငွေ ၅၅ %၊ ၄၈ % နဲ့ ၄၀ % အသီးသီးကို ပိုင်ဆိုင်ထားကြတဲ့ ထင်ရှားတဲ့ ပိုင်ရှင်တွေပါ။ မက္ကဆီကို ဈေးကွက်မှာဆိုရင် ထင်ရှားတဲ့ တစ်ဦးချင်းနဲ့ မိသားစုဝင်တွေဟာ စာရင်းဝင် ကုမ္ပဏီတွေရဲ့ အစုရှယ်ယာရင်းနှီးငွေ ၃၄ % ကို ပိုင်ဆိုင် ကြပါတယ်။ သူတို့ဟာ အစ္စရေးနဲ့ ထိုင်းဈေးကွက် တွေမှာလည်း ၁၆ % စီ ပိုင်ဆိုင်ထားကြတဲ့ ရင်းနှီးမြှုပ်နှံ သူတွေ ဖြစ်ပါတယ်။ တရုတ်၊ ဆော်ဒီအာရေးဗီးယား၊ မလေးရှား၊ ဟောင်ကောင်နဲ့ နော်ဝေဈေးကွက်တွေမှာ အများပိုင်ကဏ္ဍက စာရင်းဝင်ကုမ္ပဏီတွေရဲ့ အစုရှယ်ယာ ရင်းနှီးမှုပမာဏ ၃၄ % ကနေ ၄၆ % အတွင်း ပိုင်ဆိုင် ထားကြပါတယ်။ အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်းနဲ့ ကနေဒါဈေးကွက်တွေမှာ အဖွဲ့အစည်းအလိုက် ရင်းနှီး မြှုပ်နှံသူတွေဟာ စာရင်းဝင်ကုမ္ပဏီတွေရဲ့ အစုရှယ်ယာ ရင်းနှီးငွေ ၇၂% ၊ ၆၃ % နဲ့ ၄၇ % အသီးသီးပိုင်ဆိုင်ကြတာပါ။ ရင်းနှီးမြှုပ်နှံသူအမျိုးအစားအလိုက် ပိုင်ဆိုင်မှုပျံ့နှံ့ပုံကို ပုံ-၂ မှာ ဖော်ပြထားပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ အကြီးဆုံးစာရင်းဝင်ကုမ္ပဏီ ၁၀၀၀၀ အတွက် ဈေးကွက် တစ်ခုချင်းစီမှာ ရင်းနှီးမြှုပ်နှံသူအမျိုးအစားအလိုက် စုစုပေါင်း ပိုင်ဆိုင်မှုပျံ့နှံ့ပုံကို ဖော်ပြထားပါတယ်။ ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ ရင်းနှီးမြှုပ်နှံသူအမျိုးအစားအလိုက် ပိုင်ဆိုင်ထားတဲ့ စုစုပေါင်းတန်ဖိုးကို အမေရိကန်ဒေါ်လာဈေးကွက် ပေါက်ဈေးနဲ့ တန်ဖိုးသင့်ထားပြီး စုစုပေါင်းဈေးကွက်ရင်းနှီး မြှုပ်နှံမှုမှာ ဈေးကွက်တစ်ခုချင်းစီရဲ့ ပါဝင်မှုကို ဖော်ပြ ထားခြင်းဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ပြည်တွင်း အတွက်သာမက ပြည်ပပိုင်ဆိုင်မှုအတွက်ပါ အကျုံးဝင်ပါ တယ်။ ဥပမာအနေနဲ့ အာဂျင်တီးနားနိုင်ငံမှာ စုစုပေါင်း ဈေးကွက်ရင်းနှီးမြှုပ်နှံမှုရဲ့ ၃၂% ကို ပုဂ္ဂလိကကော်ပိုရေးရှင်းတွေ ပိုင်ဆိုင်ပြီး အများပိုင်ကဏ္ဍက ၁၈ %၊ အဖွဲ့ အစည်း အလိုက်ရင်းနှီးမြှုပ်နှံသူတွေက ၁၉ % ထင်ရှားတဲ့တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူတွေနဲ့ မိသားစုတွေက ၁၃ % နဲ့ကျန်တဲ့ ပိုင်ဆိုင်မှုကို အာဂျင်တီးနားဈေးကွက်မှာရှိတဲ့ အခြားရင်းနှီးမြှုပ်နှံသူတွေက ပိုင်ဆိုင်ကြတာပါ။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဖော်ပြချင်တာကတော့ အစီရင်ခံစာမှာ ပါဝင်တဲ့ ပိုင်ရှင်အမျိုးအစားတွေကို ရင်းနှီးမြှုပ်နှံသူ အတန်းအစားနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအုပ်စုအလိုက် ခွဲခြားထားတဲ့အချက် ဖြစ်ပါတယ်။ ဇယား A.1 မှာဆိုရင် အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ပိုင်ရှင်အမျိုးအစားငါးမျိုးရဲ့ အနက်အဓိပ္ပာယ်ကို ဖော်ပြထားပြီး မတူကွဲပြားတဲ့ရင်းနှီး မြှုပ်နှံသူအမျိုးအစားငါးမျိုးကို အုပ်စုခွဲထားခြင်းဖြစ်ပါတယ်။ အချို့ကိစ္စရပ်တွေမှာဆိုရင် အန္တိမအကျိုးခံစားခွင့်ရှိသူ ပိုင်ရှင်ကို သတ်မှတ်ရာမှာ အစိုးရ၊ ပြည်နယ်အစိုးရ မြို့တော် နဲ့ တိုက်ရိုက်ပိုင်ဆိုင်မှုတွေကိုဖော်ထုတ်ဖို့ အခက်အခဲဖြစ်တဲ့အခါ ပိုင်ဆိုင်မှုကို အများပိုင်ကဏ္ဍအနေနဲ့ အဆင့်အတန်း ပြန်သတ်မှတ်ပြီး မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

မကြာသေးတဲ့ ဆယ်စုနှစ်တွေမှာဆိုရင် ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ ဈေးကွက်တွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပိုင်ဆိုင်မှု သိသိသာသာ တိုးတက်လာပါတယ်။ ပုံ-၃ မှာ ကြည့်မယ်ဆိုရင် ဂျပန်၊ အမေရိကန်ပြည်ထောင်စုနေ့ ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွေရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ပုံဖော်ထားပါတယ်။ ဂျပန်မှာ ၁၉၈၀ ပြည့်နှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြား အစုရှယ်ယာပိုင်ဆိုင် မှုဟာ ၃ % ကနေ ၃၀ % အထိ တိုးတက်လာပါတယ်။

ယူနိုက်တက်ကင်းဒမ်းမှာဆိုရင် ၄ % မှ ၅၄ % အထိ တိုးတက်လာပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ၅ % ကနေ ၁၅ %အထိ တိုးတက်လာတာ တွေ့ရပါတယ်။ ကမ္ဘာနဲ့တစ်ဝန်း စာရင်းဝင် ကုမ္ပဏီတွေမှာ နိုင်ငံခြား ပိုင်ဆိုင်မှုရဲ့ အရေးပါမှုကို ပုံ-၄ နဲ့ ပုံ-၅ မှာ ဖော်ပြထားပါတယ်။

ပျမ်းမျှအားဖြင့် အစုရှယ်ယာဈေးကွက်တွေအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနည်းဆုံး ၃၀ % ရှိပါတယ်။ ပုံ-၄ မှာ ဖော်ပြထားတဲ့အတိုင်း နယ်သာလန်၊ ယူနိုက်တက် ကင်းဒမ်း၊ ဘရာဇီးနဲ့ ပါကစ္စတန်နိုင်ငံတွေမှာဆိုရင် အစုရှယ်ယာဈေးကွက်မှာ ပြည်ပပိုင်ဆိုင်မှုက ၄၀ % ကျော် ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့လို နိုင်ငံတွေ မှာတော့ နိုင်ငံခြားပိုင်ဆိုင်မှုက နှိုင်းယှဉ်မယ်ဆိုရင် နည်းပါတယ်။ ထူးခြားတဲ့နိုင်ငံခြားသား အစုရှယ်ယာ ပိုင်ဆိုင်မှုကို ဟောင်ကောင်နိုင်ငံမှာ တွေ့ရပေမယ့်လည်း ဟောင်ကောင်နိုင်ငံမှာ စာရင်းဝင်ထားတဲ့ စာရင်းဝင် ကုမ္ပဏီတွေဟာ တရုတ်ပြည်မကြီးက ကုမ္ပဏီတွေများပြီး အဲဒီကုမ္ပဏီအများစုကို တရုတ်ပြည်မကြီးက ရင်းနှီးမြှုပ်နှံ သူတွေ ပိုင်ဆိုင်ကြပါတယ်။

အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ နိုင်ငံဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုတွေ၊ ဆောင်ရွက်နည်းလမ်းတွေက ရင်းနှီးမြှုပ်နှံမှုအမည်စုံခွဲဖြန့်မြှုပ်နှံတဲ့ နည်းလမ်း (Diversified Portfolio Investment Strategies) အစုရှယ်ယာဈေးနှုန်းတွေ၊ နောက်ခြေရာကောက်တဲ့ နည်းလမ်း (Track Indices) တွေကို ကျင့်သုံးလေ့ရှိပါတယ်။ ပုံ- ၅ နဲ့ ဇယား- A.5 ကို ကြည့်မယ်ဆိုရင် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူတွေ ဆောင်ရွက်နေတဲ့ ဈေးကွက်တစ်ဝက်ဟာ စုစုပေါင်းနိုင်ငံခြားပိုင်ဆိုင်မှု ၅၀ % ကျော်တာတွေ့ရပါတယ်။ ပြီးတော့ပုဂ္ဂလိက ကော်ပိုရေးရှင်းတွေနဲ့ ဦးပိုင်ကုမ္ပဏီတွေဟာလည်း နိုင်ငံဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုတွေမှာ အရေးပါတာကို တွေ့ရပါတယ်။

ဥပမာ ချီလီ၊ အင်ဒိုနီးရှား၊ ပိုလန်၊ ဆော်ဒီအာရေး ဗီးယားနဲ့ စင်ကာပူနိုင်ငံတွေမှာဆိုရင် အဲဒီအဖွဲ့အစည်းတွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ အကြီးမားဆုံးအမျိုးအစားတွေ ဖြစ်ပါတယ်။ ခြုံပြီးပြောရမယ်ဆိုရင် အခြားအမျိုးအစား နှစ်ခုဖြစ်တဲ့ အများပိုင်ကဏ္ဍနဲ့ ထင်ရှားတဲ့တစ်ဦးချင်း ရင်းနှီးမြှုပ်နှံသူတွေဟာ ယေဘုယျအနေနဲ့ နိုင်ငံဖြတ်ကျော် အစုရှယ်ယာရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍမှာ အကန့်အသတ် ဖြင့်သာပါဝင်ကြောင်း တင်ပြလိုက်ရပါတယ်။ 

Reference: De La Cruz, A., A. Medina and Y. Tang(2019), "Owners of the World's Listed Companies", OECD Capital Market Series, Paris, www.oecd.org/corporate/Ownersof-the-World's-Listed-Companies.htm

သိဟ်သူရိန်