၂၀၁၉ ခုနှစ် အတွက် အရှေ့တောင် အာရှနိုင်ငံတွေထဲက smart အကျဆုံးမြို့အဖြစ် မန္တလေးမြို့ ဒုတိယအကြိမ် ဆက်လက်ပါဝင်

မန္တလေး  ၁၈  ဇူလိုင်

၂၀၁၉ ခုနှစ်မှာ  CIO Aisa မဂ္ဂဇင်းကနေ ထုတ်ပြန်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲက smart အကျဆုံးမြို့အဖြစ် မန္တလေးမြို့က ဒုတိယအကြိမ် ဆက်လက်ပါဝင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲက မြို့ကြီး ၂၆ မြို့ထဲကနေ Smart City  မြို့ ၁၀ မြို့ကို ရွေးချယ်ထုတ်ပြန်ထားရာ မန္တလေးမြို့ဟာ ၂၀၁၈ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း  နံပါတ် ၅ အဆင့်တွင် ရပ်တည်နေသည်။

"ဌာနဝင်ငွေ တစ်ခုတည်းပေါ်မှာပဲ ရပ်တည်နေရပေမယ့် မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားနေလို့ most promising top 10 Smart Cities 2019 မှာလည်း ဆက်လက်ပါဝင်တဲ့အတွက် စည်ပင်ကော်မတီအနေနဲ့ ကြိုးစားရကျိုးနပ်ပါတယ်''ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၎င်း၏ဖေ့ဘွတ်တွင် ရေးသားထားသည်။

၂၀၁၈ ခုနှစ်က Smart  City အဖြစ် ရွေးချယ်ခံရသည့်မြို့များမှာ ဟနွိုင်း(ဗီယက်နမ်နိုင်ငံ)၊ စင်ကာပူ (စင်ကာပူ)၊ ဂျာကာတာ( အင်ဒိုနီးရှား)၊ ကွာလာလမ်ပူ (မလေးရှား)၊ မန္တလေး(မြန်မာ)၊ ဖူးခက် (ထိုင်း)၊ မကစ်ဆာ (အင်ဒိုနီးရှား)၊ ဒါနန်း(ဗီယက်နမ်)၊ ဘန်ကောက် (ထိုင်း)၊ နယူးကလပ်စီးတီး(ဖိလစ်ပိုင်) တို့ဖြစ်သည်။

ယခုလိုရွေးချယ်နိုင်ရန် ၂၀၁၈ ခုနှစ် မတ်လအတွင်းက ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အာဆီယံ smart city အဖြစ် အဆိုပြုခဲ့သည်။

‘ဂုဏ်ယူစရာကောင်းတယ်။ ဂုဏ်ယူစရာကောင်းသလို တစ်ဖက်မှာ ပိုပြီးတာဝန်ကြီးလာတယ်။ အခုလို အသိအမှတ်ပြုခံရတာကလည်း မြို့သူမြို့သားတွေ ပူးပေါင်းပါဝင်လို့ပါ။ မြို့ကိုပိုပြီးဖွံ့ဖြိုးအောင် နိုင်ငံတကာက အသိအမှတ်ပြုခံရတဲ့ တာဝန်ပိုပြီးရှိလာတဲ့အထဲမှာ မြို့တော်စည်ပင်မှာလည်း တာဝန်ရှိသလို မြို့သူမြို့သားတွေမှာလည်း တာဝန်ရှိတယ်။ ဆက်ပြီးလုပ်စရာတွေကတော့ အများကြီး ကျန်သေးတယ်’ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

မန္တလေးမြို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စည်းကမ်းတကျဖြစ်စေရေး၊  အများပြည်သူအလွယ်တကူ စီးနင်းသွားလာနိုင်ရန် ဘတ်စ်ကား၊ ရထားစသည့် စနစ်များဖြင့် သယ်ယူပို့ဆောင်ရေးများ ဆက်လက်ဆောင်ရွက်ရန် အစီစဉ်များလည်း ဆောင်ရွက်ထားကြောင်း သိရသည်။

အိမို့မို့ခိုင်