၂၀၁၉ ခုနှစ် (ဒုတိယ)အကြိမ် ရဲချုပ်တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ 

နေပြည်တော် ၂   ဇွန် 

 

၂၀၁၉ ခုနှစ် (ဒုတိယ)အကြိမ် ရဲချုပ်တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ အောင်ဆန်းအားကစား ပြိုင်ပွဲရုံ မိုးလုံလေလုံခန်းမ၌ ကျင်းပသည်။ 

 

ဗိုလ်လုပွဲ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးနှင့် ဇနီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်း အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ၊ အားကစားသမားများ၊ ရဲတပ်ဖွဲ့ဝင်မိသားစုများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အမှာစကားပြောကြားပြီး အမျိုးသား (၂)ယောက်တွဲ၊ (၃)ယောက်တွဲပြိုင်ပွဲတွင် ဆုရအသင်းများကို တာဝန်ရှိသူများကလည်းကောင်း၊ အမျိုးသမီး(၃)ယောက်တွဲ ပြိုင်ပွဲဆုရအသင်းများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၏ ဇနီးကလည်းကောင်း၊ ရဲချုပ်တံခွန်စိုက်ဒိုင်းဆုရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အသင်းကို ရဲချုပ် ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

 

ပြိုင်ပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များ၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့များ၊ တပ်ဖွဲ့များ၊ လေ့ကျင့်ရေးသင်တန်းကျောင်းများမှ ပြိုင်ပွဲဝင်အသင်းအမျိုးသား(၂၉)သင်း၊ အမျိုးသမီး(၈)သင်းနှင့် အားကစားသမား အမျိုးသား(၂၀၃)ဦး၊ အမျိုးသမီး(၃၆)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)