၂၀၁၉ ခုနှစ် မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (ဒုတိယ)ပွဲစဉ်ကို ဟံသာဝတီဂေါက်ကွင်း (ပဲခူး)၌ ကျင်းပမည်

ရန်ကုန် ၄ ဇွန်

 

မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ မြဝတီဘဏ်လီမိတက်၏ အဓိကကူညီပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂၀၁၉ ခုနှစ်၊ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (ဒုတိယ)ပွဲစဉ်ကို ဟံသာဝတီ ဂေါက်ကွင်း၊ ပဲခူးမြို့၌ ဇွန် ၁၃ ရက်မှ (၁၆) ရက်အထိကျင်းပမည်ဖြစ်သည်။

 

ပြိုင်ပွဲတွင် ပညာရှင်အဆင့်ပြိုင်ပွဲ၊ ဝါသနာရှင်အဆင့်(အမျိုးသား) (H’cap 0-12) ပြိုင်ပွဲ၊ ဝါသနာရှင် အဆင့်(အမျိုးသမီး) (H’cap 0-18) ယှဉ်ပြိုင်ကစားခွင့်ပြုမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ဦးရေကန့်သတ်ထားကာ စိန့်အင်ဒရူး ဂေါက်သီးစည်းမျဉ်းများနှင့် ဒေသန္တရစည်းမျဉ်းများအတိုင်း ကျင်းပမည်ဖြစ်သည်။

 

ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ဂေါက်သီးအားကစားသမားများသည် ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ ပညာရှင်အဆင့်တစ်ဦးလျှင် ၃၀ဝ၀ဝ ကျပ်၊ ဝါသနာရှင်အဆင့် တစ်ဦးလျှင် ၁၀ဝ၀ဝ ကျပ်ဖြင့် ဖုန်း ဝ၉-၇၇၉၈၄၆၇၆၁ ထံ စာရင်းပေးသွင်းနိုင်သည်။ စာရင်းပေးသွင်းထားပြီး ပြိုင်ပွဲဝင်ကြေး ပေးသွင်းထားသူများသည် ဇွန် (၁၁၊ ၁၂)ရက်တွင် (Official Practice Round) ကစားခွင့်ရမည်ဖြစ်သည်။

 

အမည်စာရင်းပေးသွင်းထားပြီး ပြိုင်ပွဲမဝင်နိုင်ပါက ပြိုင်ပွဲမတိုင်မီကြိုတင် အကြောင်းကြားရန်ဖြစ်ပြီး အကြောင်းကြားခြင်းမရှိပါက နောက်ပွဲစဉ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ကြောင်းနှင့် ပြိုင်ပွဲဝင်ကြေး ပေးသွင်းရန်နောက်ကျသော ကစားသမားများအား ပြိုင်ပွဲအတွဲဇယားများတွင် ထည့်သွင်းရေးဆွဲမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

 

ဖိုးသော်ဇင်