နေပြည်တော် ၁၈ စက်တင်ဘာ
၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက် ၇ နာရီခွဲမှစတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမနှင့် မဏိရတနာ ကျောက်စိမ်းဝင်းအတွင်း၌ ဆက်လက်ကျင်းပသည်။
ပြပွဲတွင် ပြည်တွင်းပြည်ပ ရတနာကုန်သည်များက အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအရိုင်းများနှင့် အချောထည်များ၊ ကျောက်မျက်အရိုင်းများနှင့် အချောထည်များကို စိတ်ကြိုက်လှည့်လည်ကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာ (Bidding Form) များကို တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။
အခြေခံဈေးယူရိုငွေ (၅၀ဝ)နှင့်အထက် တန်ဖိုးသတ်မှတ်ထားသည့် ကျောက်မျက် အတွဲအမှတ် (၁)မှ (၄၈၁)အထိ ကျောက်မျက်အတွဲ စုစုပေါင်း(၄၈၁)တွဲကို စက်တင်ဘာ ၁၉ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။
ထို့အတူ ကျောက်စိမ်း အတွဲအမှတ်(၁)မှ (၁၃၁၁)အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၁၁)တွဲကို စက်တင်ဘာ ၂၀ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ် (၁၃၁၂)မှ (၂၆၁၁)အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀ဝ)တွဲကို စက်တင်ဘာ ၂၁ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၂၆၁၂) မှ (၃၉၁၁)အထိ ကျောက်စိမ်း အတွဲပေါင်း (၁၃၀ဝ)တွဲကို စက်တင်ဘာ ၂၂ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ် (၃၉၁၂)မှ (၅၂၁၁)အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀ဝ)တွဲကို စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ် (၅၂၁၂) မှ (၆၅၁၁)အထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀ဝ)တွဲကို စက်တင်ဘာ ၂၄ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်း အတွဲအမှတ် (၆၅၁၂) မှ (၇၈၁၁)ထိ ကျောက်စိမ်းအတွဲပေါင်း (၁၃၀ဝ)တွဲကို စက်တင်ဘာ ၂၅ ရက်တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ လာရောက်လေ့လာကြည့်ရှုကြကြောင်း သိရသည်။
သတင်း-မျိုးသူဟိန်း၊ ဓာတ်ပုံ-ထိန်နန်နော်