၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရှစ်သိန်းကိုးသောင်းကျော် လျှောက်ထား

မန္တလေး ၂၄  ဒီဇင်ဘာ 

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ၂၀၁၉ ခုနှစ် မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ရှိလျှောက်ထားသူဦးရေမှာ ရှစ်သိန်းကိုးသောင်းကျော် ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည်။

 

အဆိုပါစာမေးပွဲကို ၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပရန် ထုတ်ပြန်ကြေညာထားပြီး ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူဦးရေမှာ လက်ရှိစာရင်းများ အရ ၈၉၆၀၁၂ ဦးရှိရာ ယမန်နှစ်ထက် ဖြေဆိုသူဦးရေ ငါးသောင်းကျော် ပိုမိုများပြားလာကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၁၅ ခုနှစ်ကစပြီး တစ်နှစ်ထက်တစ်နှစ် ဝင်ရောက်ဖြေဆိုသူဦးရေ တိုးတက်လာခဲ့ပါတယ်။ မနှစ်က ဖြေဆိုသူဦးရေ ၈၄၄၃၅၈ ဦး ရှိခဲ့ပြီး ဒီနှစ်မှာတော့ လက်ရှိစာရင်းအရ နှိုင်းယှဉ်ကြည့်ရင် ငါးသောင်းကျော် ပိုမိုးများပြားလာတာကိုတွေ့ရတယ်။ ဒီလိုဖြေဆိုသူဦးရေများပြားလာတဲ့ အလျှောက် စာစစ်ဌာနတွေလည်း တိုးချဲ့ဖွင့်လှစ်ပေးနေသလို စာဖြေသူတွေ အခက်အခဲမရှိ ဖြေဆိုစေနိုင်ဖို့ စာမေးပွဲ ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်ကြမယ့် အထက်တန်းနဲ့ အလယ်တန်းအဆင့် ကျောင်းအုပ်ကြီးတွေကို စာမေးပွဲဆိုင်ရာ လိုက်နာရမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးအကြံပြုကြတဲ့ သင်တန်းတွေလည်း ပေးနေပါတယ်ဟု ၎င်းက ပြောသည်။

 

၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖြေဆိုရန် လျှောက်ထားသူများအနက် ရန်ကုန်တိုင်းဒေသကြီးမှ တစ်သိန်းသုံးသောင်းဝန်းကျင်ဖြင့် အများဆုံးလျှောက်ထားကြပြီး ဒုတိယအများဆုံး အဖြစ် မန္တလေးတိုင်းဒေသကြီးမှ တစ်သိန်းနှစ်သောင်းကျော် လျှောက်ထားကာ စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်သိန်းနှစ်သောင်း ဝန်းကျင်ဖြင့် တတိယအများဆုံးလျှောက်ထားကြပြီး ဖြေဆိုသူဦးရေ များပြားလာသည့် အလျှောက် စာစစ်ဌာနများလည်း နှစ်စဉ် ၁၀၀ ကျော် တိုးချဲ့ဖွင့်လှစ်ပေးနေကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲတွင် နှစ်စဉ်တစ်နိုင်ငံလုံးအတိုင်းအတာအရ ဝင်ရောက်ဖြေဆိုကြသည့် စာရင်းများ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ၆၃၂၃၁၄ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၆၇၁၄၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၇၆၇၄၂၂ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၈၄၄၃၅၈ ဦးနှင့် ၂၀၁၉ ခုနှစ်တွင် ဖြေဆိုရန် လက်ရှိစာရင်းများအရ ၈၉၆၀၁၂ ဦး လျှောက်ထားခဲ့ကြရာ နှစ်စဉ်ဖြေဆိုသူဦးရေ တိုးတက်များပြားလာသည့် အလျှောက် စာစစ်ဌာနများကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၅ ခုနှစ်တွင် ၁၃၇၆ ခု၊ ၂၀၁၆ ခုနှစ်တွင် ၁၄၇၀ ခု၊ ၂၀၁၇ ခုနှစ်တွင် ၁၅၉၄ ခု၊ ၂၀၁၈ ခုနှစ်တွင် ၁၇၄၁ ခုနှင့် ယခု ၂၀၁၉ ခုနှစ်အတွက် ဖြေဆိုရန် စာစစ်ဌာနပေါင်း အနည်းဆုံး ၁၈၈၀ ဖွင့်လှစ်ပေးရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)