၂၀၁၉ ခုနှစ်အတွင်းမှာ သတင်းထောက် ၄၉ ဦး အသတ်ခံရ

၁၇ ဒီဇင်ဘာ

ကမ္ဘာတစ်ဝှမ်းမှာ ၂၀၁၉ ခုနှစ်အတွင်း သတင်းထောက် ၄၉ ဦး  အသတ်ခံခဲ့ရကြောင်း၊ ဒီပမာဏဟာ ၁၆ နှစ်အတွင်း အနည်းဆုံးပမာဏဖြစ်ကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ဒီကနေ့(အင်္ဂါနေ့)မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

သတင်းထောက်အများစုဟာ ရီမင်၊ ဆီးရီးယားနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ အသတ်ခံရကြောင်း၊ သတင်းထောက်အလုပ်ဟာ အန္တရာယ်များတဲ့ အလုပ်အဖြစ် ရှိနေသေးကြောင်း ပဲရစ်မြို့အခြေစိုက် အဖွဲ့က ပြောပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ၁၀ ဦး အပါအဝင် လက်တင်အမေရိကားနိုင်ငံတွေအတွင်းမှာ သတင်းထောက် ၁၄ ဦး အသတ်ခံခဲ့ရတဲ့အတွက် အရှေ့အလယ်ပိုင်းဒေသလိုဘဲ အန္တရာယ်များတဲ့နေရာ ဖြစ်လာပါတယ်။ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတွေမှာ သတင်းထောက်တွေ ပိုပြီးအသတ်ခံလာရတာကလည်း ဒီမိုကရေစီစနစ်အတွက် အဓိကစိန်ခေါ်မှု ဖြစ်လာတယ်လို့ RSF အဖွဲ့ဥက္ကဌက ပြောပါတယ်။

သတင်းထောက်တွေ အသတ်ခံရတဲ့ ပမာဏ နည်းသွားပေမယ့် ထောင်သွင်းအကျဉ်းချခံထားရတဲ့နှုန်းက ပြီးခဲ့တဲ့နှစ်ကထက် ၁၂ ရာခိုင်နှုန်းပိုများရာ ၃၈၉ ဦး အကျဉ်းချခံရကြောင်း သိရပါတယ်။

တရုတ်၊ အီဂျစ်နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေရှိ အကျဉ်းထောင်တွေမှာ အကျဉ်းချခံရတဲ့ သတင်းထောက်ဦးရေ စုစုပေါင်းရဲ့တစ်ဝက်ကျော်ရှိကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကမ္ဘာတစ်ဝန်းတွင် သတင်းထောက် ၅၇ ဦးကို ပြန်ပေးဆွဲရာ အများစုမှာ ဆီးရီးယား၊ ယီမင်၊ အီရတ်နဲ့ ယူကရိန်းနိုင်ငံတွေမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

MDN

ကိုးကား -AFP