၂၀၁၉ MNL အမှတ်ပေးပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း ရှုံးပွဲမရှိဘဲ ချန်ပီယံဆုဆွတ်ခူး

ရန်ကုန် ၁၅ စက်တင်ဘာ


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို ယနေ့ညနေ ၃ နာရီခွဲက တစ်ချိန်တည်းကျင်းပရာ ရှမ်းယူနိုက်တက်အသင်း နိုင်ပွဲရယူပြီး ချန်ပီယံဆုဆွတ်ခူးရရှိခဲ့သည်။


တောင်ကြီးကွင်း၌ ကျင်းပသည့် ရှမ်းယူနိုက်တက်အသင်းက ရခိုင်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးချန်ပီယံဆုကို ဒုတိယအကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး တစ်ရာသီစလုံး ရှုံးပွဲမရှိဘဲ ပထမဆုံးချန်ပီယံဆုရသည့်အသင်းအဖြစ်ပါ မှတ်တမ်းဝင်ခဲ့သည်။ ယခုပွဲကို တောင်ကြီးမြို့မှ ရှမ်းပရိသတ်များ ကွင်းပြည့်ကွင်းလျှံ လာရောက်အားပေးခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် ဂိုးမရသောကြောင့် အနည်းငယ်ရုန်းကန်ခဲ့ရသော်လည်း ၆၃ မိနစ်တွင် ဒွေးကိုကိုချစ်၏ သွင်းဂိုးရပြီးနောက်ပိုင်း ပွဲကိုစိုးမိုးကာ ဂိုးပြတ်အနိုင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။


နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ရခိုင်အသင်း၏ ရုန်းကန်မှုကြောင့် ရှမ်းယူနိုက်တက်အသင်း အခက်တွေ့ခဲ့ရသည်။ ချန်ပီယံဆုမျှော်မှန်းနိုင်သည့် ဧရာဝတီနှင့် ရန်ကုန်အသင်းတို့က ပထမပိုင်း၌ အနိုင်ရနေချိန်တွင် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ဂိုးရရန် ရုန်းကန်နေရသောကြောင့် ဖိအားနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဒုတိယပိုင်းတွင် ပွဲအဖြေပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် ဂိုးမရသည့် ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင် ဂိုးရရန် တိုက်စစ်အပြောင်းအလဲများပြုလုပ်ခဲ့ပြီး ၆၃ မိနစ်တွင် ဒွေးကိုကိုချစ်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့ပြီး ၆၈ မိနစ်တွင် ဝီလျံ၊၈၁ မိနစ်တွင် မက်ဆီမင်တို့က ဂိုးများထပ်မံသွင်းယူခဲ့သည်။ ၈၄ မိနစ်တွင် ဆင်မြူရယ်က ပယ်နယ်တီမှတစ်ဆင့် ရခိုင်အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းသော်လည်း ပွဲအဖြေကို မပြောင်းလဲနိုင်ဘဲ ၈၇ မိနစ်တွင် ဒွေးကိုကိုချစ်ကရှမ်းယူနိုက်တက်အတွက် စတုတ္တအနိုင်ဂိုးသွင်းယူခဲ့သည်။

                       
ရှမ်းယူနိုက်တက်နှင့် ရခိုင်အသင်းပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ ရှုံးပွဲမရှိဘဲ ဗိုလ်စွဲခဲ့သည့် ရှမ်းယူနိုက်တက်အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ်သိန်း ၁၀ဝ၀ နှင့် ချန်ပီယံဆုဖလားတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ရှမ်းပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြင့်သည်။ ထို့ပြင် တစ်ရာသီလုံး ရှုံးပွဲမရှိခဲ့သည့် ရှမ်းယူနိုက်တက်အသင်းကို Special Congratulation Trophy ပေးအပ်ချီးမြင့်ခဲ့ပြီး  ရှမ်းပြည်နယ်အစိုးရအဖွဲ့က ယခုရာသီတွင် ချန်ပီယံဆုရခဲ့သည့် ရှမ်းယူနိုက်တက် စီနီယာအသင်းကို ဆုကြေးကျပ်သိန်း ၅၀၊ ရှမ်းယူနိုက်တက် ယူ-၁၉ အသင်းကို ဆုကြေးကျပ် ၂၅ သိန်း ချီးမြင့်ခဲ့သည်။


အခြားပွဲများတွင် ဧရာဝတီအသင်းက စစ်ကိုင်းအသင်းကို ခြောက်ဂိုးပြတ်၊ ရန်ကုန်အသင်းက မကွေးအသင်းကို ခြောက်ဂိုး-တစ်ဂိုး၊ ရတနာပုံအသင်းက Chinland အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ ဇွဲကပင်အသင်းက ဟံသာဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး Southern အသင်းနှင့် ဒဂုံအသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ၄၆ မှတ်ဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး ဧရာဝတီအသင်းက ၄၃ မှတ်ဖြင့် ဒုတိယ၊ ရန်ကုန်အသင်းက ၄၂ မှတ်ဖြင့် တတိယရခဲ့ကာ ရတနာပုံနှင့် ဟံသာဝတီအသင်းက ၃၂ မှတ်စီ၊ ရခိုင်အသင်းက ၃၁ မှတ်၊ စစ်ကိုင်းအသင်းက ၂၇ မှတ်၊ မကွေးနှင့် ဇွဲကပင်အသင်းက ၂၄ မှတ်စီ၊ Southern အသင်းက ၂၁ မှတ် ရရှိခဲ့သည်။ အမှတ်အနည်းဆုံးရသည့် ၁၈ မှတ်ရသည့် ဒဂုံနှင့် ၁၇ မှတ်ရသည့် Chinland အသင်းတို့မှာတန်းဆင်းခဲ့ရသည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်

 

DSC_99