၂၀၁၉ MNL ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းထံ ဖီဖာဥက္ကဋ္ဌ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

၂၁ စက်တင်ဘာ 


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် ရှမ်းယူနိုက်တက်အသင်းထံ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။


ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံမှတစ်ဆင့် ရှမ်းယူနိုက်တက်အသင်းထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို၏ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် MNL အမှတ်ပေးချန်ပီယံဆုကို ဒုတိယအကြိမ် ရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ အောင်မြင်မှုရအောင် ကြိုးစားအားထုတ်ခဲ့သည့် ကစားသမားများ၊ နည်းပြနှင့် စီမံအုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ဝန်ထမ်းများအားလုံးကို ဂုဏ်ယူကြောင်းနှင့် ကြံ့ခိုင်သောစိတ်ဓာတ်၊ ထက်သန်သော အားထုတ်မှုတို့ဖြင့် ဆက်လက်ကြိုးပမ်းကြရန် စသည်ဖြင့် ရေးသားပေးပို့ခဲ့သည်။ ဖီဖာဥက္ကဋ္ဌသည် ပြီးခဲ့သည့်ရာသီများကလည်း MNL အမှတ်ပေး ချန်ပီယံဆုရသည့်အသင်းများထံ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ရေးသားပေးပို့ခဲ့သည်။


ရှမ်းယူနိုက်တက်အသင်းသည် MNL အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယအကြိမ် ဗိုလ်စွဲခြင်းဖြစ်ပြီး ၂၀၁၇ ရာသီတွင် ပထမအကြိမ်နှင့် ၂၀၁၉ ရာသီတွင် ဒုတိယအကြိမ် ရရှိခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် တစ်ရာသီလုံး ရှုံးပွဲမရှိဘဲ ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်