၂၀၁၉ မြန်မာပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ (ပထမ)ပွဲစဉ် ပညာရှင်အဆင့်ပြိုင်ပွဲတွင် ဘိုဘို ဗိုလ်စွဲ

ရန်ကုန် ၂၆ မေ

 

မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေး နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အနာဂတ်တွင် ဂေါက်သီးမျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့က ကြီးမှူး၍ Myanmar Zwe Mann Co.,Ltd မှ အဓိကကူညီပံ့ပိုးမှုဖြင့် ကျင်းပသည့် ၂၀၁၉ ခုနှစ်၊ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပထမ) ပွဲစဉ် နောက်ဆုံးနေ့ကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ရွှေနတ်တောင် ဂေါက်ကွင်း၌ ဆက်လက်ကျင်းပသည်။ ပြိုင်ပွဲအပြီးတွင် ပညာရှင်အဆင့်ပြိုင်ပွဲတွင် ဘိုဘို၊ ဝါသနာရှင်အဆင့် အမျိုးသားပြိုင်ပွဲတွင် မောင်မဲ၊ အမျိုးသမီးပြိုင်ပွဲတွင် ဖူးပွင့်ရတီခိုင်တို့ အသီးသီးဗိုလ်စွဲခဲ့သည်။

 

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ ဆက်လက်ကျင်းပရာ Myanmar Golf Tour ကိုယ်စား မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးမြင့်အောင်က ပြိုင်ပွဲအားလက်ခံကျင်းပပေးသော ရွှေနတ်တောင်ဂေါက်ကွင်းသို့အမှတ်တရ လက်ဆောင်နှင့် လှူဒါန်းငွေကျပ်သိန်း(၂၀)နှင့် ပြိုင်ပွဲအားအဓိက ကူညီပံ့ပိုးပေးသော Myanmar Zwe Mann Co.,Ltd တို့ကို အမှတ်တရလက်ဆောင်ပေးအပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးဗိုလ်မှူးကြီး ဗိုလ်မှူးကြီး မောင်မောင်လတ်နှင့် Myanmar Zwe Mann Co.,Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဇော်တို့က လက်ခံရယူသည်။

 

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဌေးအောင်က ဝါသနာရှင်အဆင့် (အမျိုးသမီး) ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက် ၂၃၇ ဖြင့် ဒုတိယရရှိခဲ့သော Flona Khaing နှင့်စုစုပေါင်းရိုက်ချက်(၂၁၄)ချက်ဖြင့်ပထမရရှိခဲ့သော ဖူးပွင့်ရတီခိုင်တို့ကို ဆုများပေးအပ်ချီးမြင့်သည်။ ဆက်လက်၍ ဝါသနာရှင်အဆင့် (အမျိုးသား)ပြိုင်ပွဲတွင် စုစုပေါင်းရိုက်ချက်(၂၉၂)ဖြင့် ဒုတိယရရှိခဲ့သော သီဟအောင်နှင့်  စုစုပေါင်းရိုက်(၂၉၁)ဖြင့် ပထမရရှိခဲ့သော မောင်မဲ တို့ကို မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်၊ အလုပ်အမှုဆောင်ဦးမြင့်အောင်က ဆုများပေးအပ်ချီးမြင့်သည်။

 

ဆက်လက်၍ ပညာရှင်အဆင့်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက်(၁၆)ချက် လျှော့ရိုက်ကာ စုစုပေါင်းရိုက်ချက် (၂၇၂) ဖြင့် ပထမရရှိသွားသော ဘိုဘို (HAN Golf Academy)အား အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် Myanmar Zwe Mann Co.,Ltd မန်နေဂျင်းဒါရိုက်တာဦးဝင်းဇော်တို့က ဂုဏ်ပြုဆုနှင့် ဆုကြေး ငွေချက်လက်မှတ်ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ထပ်ဆင့်ဂုဏ်ပြုဆုအဖြစ် ပညာရှင်အဆင့်ပြိုင်ပွဲ ၊ဝါသနာရှင်အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့သော အားကစားသမားများအား ပထမဆု ကျပ်နှစ်သိန်း၊ဒုတိယဆု တစ်သိန်းငါးသောင်း၊ တတိယဆု တစ်သိန်းတို့ကို Telecom International Myanmar Co., Ltd (Mytel) မှ Brand Director Mr Dan Van Thanh က  ထပ်ဆင့်ဆုများချီးမြှင့်ခဲ့သည်။

 

၂၀၁၉ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲများကို  Myanmar Zwe Mann Co,.Ltd, MWD Bank, SAE PAING Development Ltd, Telecom International Myanmar Co., Ltd (Mytel), Phyo Si Thu Teak Plantation(Myanmar)&Bago Yoma Eco Resort(Myanmar), INNWBank တို့က အဓိကကူညီပံ့ပိုးပေးထားသည်။

 

သတင်း-ဖိုးသော်ဇင်

 

ဓာတ်ပုံ-ဂေါက်သီးအဖွဲ့ချုပ်