၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ ဇွန် ၁၅ ရက် စတင်မည်

ရန်ကုန် ၃၀ မေ

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ကို ဇွန် ၁၅ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

 

မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ဒုတိယအကျော့ပွဲစဉ်များနှင့်ပတ်သက်၍ မေ ၂၉ ရက်က အတည်ပြုထုတ်ပြန်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းမှာ အိမ်ကွင်းလက်ခံကစားမည်ဖြစ်သော်လည်း ရတနာပုံအသင်း အိမ်ကွင်းအဖြစ် အသုံးပြုနေသော ဗထူးကွင်းကို အကြီးစားပြုပြင်နေသောကြောင့် ဒုတိယအကျော့ အိမ်ကွင်းပွဲများကို မန္တလာသီရိကွင်းသို့ ပြောင်းလဲကျင်းပမည်ဖြစ်သည်။

 

ဒုတိယအကျော့ကို ဇွန် ၁၅ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပထမအကျော့တွင် ပွဲအားလုံးအိမ်ကွင်းကစားခဲ့ရသည့် ရခိုင်အသင်းသည် ဒုတိယအကျော့တွင် အဝေးကွင်းပွဲများ ကစားရမည်ဖြစ်သည်။ ဒုတိယအကျော့ အဖွင့်ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၂) ကို ဇွန် ၁၅၊ ၁၆ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ရာသီဝက်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ဇယားအောက်ဆုံးမှ Chinland အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။ ပွဲစဉ် (၁၂) အဖြစ် ဇွန် ၁၅ ရက်တွင် ဟံသာဝတီနှင့် ရတနာပုံ၊ Southern နှင့် ဧရာဝတီ၊ ဇွဲကပင်နှင့် စစ်ကိုင်း၊ ဇွန် ၁၆ ရက်တွင် ရှမ်းယူနိုက်တက်နှင့် Chinland၊ ရန်ကုန်နှင့် ရခိုင်၊ ဒဂုံနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


 
ပထမအကျော့အပြီးတွင် ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီအသင်းတို့ ၂၁ မှတ်စီ၊ ရန်ကုန်နှင့် ရတနာပုံအသင်းက ရမှတ် ၂၀ စီ၊ စစ်ကိုင်းအသင်းက ၁၉ မှတ်၊ ဧရာဝတီအသင်းက ၁၈ မှတ်၊ ရခိုင်အသင်းက ၁၆ မှတ်၊ မကွေးနှင့် ဇွဲကပင်အသင်းက ၁၀ မှတ်စီ၊ Southern အသင်းက ကိုးမှတ်၊ Chinland အသင်းက ရှစ်မှတ်၊ ဒဂုံအသင်းက ခြောက်မှတ်ရရှိထားသည်။ ယခုရာသီတွင် အသင်းများ၏ ရမှတ်ကွာဟမှုမရှိဘဲ ထိပ်ဆုံးမှ ရှမ်းယူနိုက်တက်နှင့် အဆင့် ၆ နေရာမှ ဧရာဝတီအသင်းတို့၏ အမှတ်ကွာဟမှုမှာ သုံးမှတ်သာရှိသောကြောင့် ဒုတိယအကျော့ပွဲစဉ်များမှာ အကြိတ်အနယ်ရှိဖွယ်ရှိနေသည်။ အမှတ်ပေးပြိုင်ပွဲကို ၁၁ ကြိမ်မြောက် ကျင်းပနေခြင်းဖြစ်ပြီး ရန်ကုန်အသင်းက ငါးကြိမ်၊ ရတနာပုံအသင်းက လေးကြိမ်နှင့် ရှမ်းယူနိုက်တက်အသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်