(၂၀၁၉)ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော်  ၃၁  မေ

(၂၀၁၉)ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (World No Tobacco Day 2019) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စုပေါင်းခန်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့၏ ဆိုးကျိုးများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ကျေးလက် တောရွာများမှ ပြည်သူများအထိ သိရှိကြနိုင်စေရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ကြရာတွင် လွှတ်တော် ကိုယ်စားလှယ်ကြီးများကလည်း မိမိတို့၏ မဲဆန္ဒနယ်များ၌ ပညာပေး ဟောပြော၍ ပံ့ပိုးဆောင်ရွက်ကြစေလိုပါကြောင်း၊

ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် အဆုတ်ရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာ ရောဂါများအပါအဝင် ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ပြီး ဘဝနေထိုင်မှုအရည်အသွေးကျ ဆင်းခြင်း၊ အချိန်မတိုင်ခင် စောစီးစွာသေဆုံးခြင်း၊ ရောဂါဖြစ်ပွားသူ၏ မိသားစုတွင်လည်း စိတ်ပူပင်သောကဖြစ်ခြင်း၊ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးခြင်းနှင့် နိုင်ငံတော်အတွက် လည်းများစွာ ဆုံးရှုံးမှုများရှိပါကြောင်း၊ကိုယ်တိုင်ဆေးလိပ် သောက်ခြင်းကြောင့် တင်မဟုတ် ဘဲသူတစ်ပါးသောက်သုံးသော ဆေးလိပ်ငွေ့ကို တစ်ဆင့် ရှုရှိက်ရသူများတွင်လည်း ဆေးလိပ်မှလောင်ကျွမ်းသည့် အခိုးအငွေ့နှင့် သောက်သုံးသူမှ ရှုရှိက်ထုတ်သော အငွေ့များကို ရှုရသည့်အတွက် ဆိုးကျိုးများကို ပိုမိုခံစားရနိုင်ပါကြောင်း၊

ဆေးလိပ်နှင့် ဆေးရွက်ကြီးတွင်ပါဝင်သော ဆိုးကျိုးများသည့် ဓာတုပစ္စည်းများ ကြောင့် ခန္ဓာကိုယ်တွင် ဇီဝကမ္မဖြစ်စဉ်၊ ဇီဝဓာတုဖြစ်စဉ်နှင့် ဆဲလ်အတွင်းပိုင်းဖြစ်စဉ်များကို ထိခိုက်ပျက်စီးစေပြီး ရောဂါဘယများထူပြောနိုင်ပါကြောင်း၊ကိုယ်ဝန်ဆောင်မိခင်များတွင် ဆေးလိပ်သောက်ခြင်း (သို့မဟုတ်) သူတစ်ပါးသောက်သုံးသော ဆေးလိပ်ငွေ့ကို တစ်ဆင့် ရှုရှိက်ရခြင်းကြောင့် ကိုယ်ဝန်ပျက်ခြင်း၊ လမစေ့မီမွေးဖွားခြင်း၊ မကျန်းမာသော၊ ကိုယ်အလေးချိန်မပြည့်သော ကလေးငယ် မွေးဖွားခြင်းနှင့် ထိုမွေးဖွားသော ကလေးငယ် အသက်အန္တရာယ်ရှိခြင်း တို့ဖြစ်ပွားနိုင်ပါကြောင်း၊

ပြည်သူများအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးအန္တရာယ်များပြားသော ဆေးလိပ် နှင့် ဆေးရွက်ကြီး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုများ လျော့နည်းပပျောက်စေရန် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာနနှင့် အဖွဲ့အစည်းများ အားလုံးပါဝင်သည့် လက်တွေ့ကျပြီး မြေပြင်၌ ဆောင်ရွက်နိုင်သည့် အသင့်တော်ဆုံးမဟာဗျူဟာ လုပ်ငန်းစဉ်များချမှတ်ကာ ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်၍အမြန်ဆုံး ဆောင်ရွက်ကြစေလိုပါကြောင်း၊

ဆေးလိပ်နှင့် ဆေးရွက်ကြီး ထုတ်လုပ်ရောင်းချမှု အခြေအနေ၊ သုံးစွဲမှု အခြေအနေ၊ ပြည်သူများ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင်ရာ အသိအမြင်များနှင့် ပတ်သက်၍ အသုံးချ သုတေသနများ ပြုလုပ်ကာ လေ့လာဆန်းစစ်ပြီး ထိရောက်မှု အရှိဆုံးမဟာဗျူဟာ လုပ်ငန်းစဉ်များ မွမ်းမံရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ဝန်ကြီးဌာနရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းအားလုံးတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုများကို စည်းကမ်း တင်းကျပ်စွာထားရှိပြီး အားကစားသမားများ သုံးစွဲခြင်းရှိပါက ချက်ချင်း ထုတ်ပယ်မှုကို ပြုလုပ်ရန်ညွှန်ကြားထားပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုဖြင့် ဇွန်လအတွင်း ကျင်းပပြုလုပ်မည့် ကျောင်းသားလူငယ်ထုအတွင်း ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးကင်းဝေးရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော ဘဝနေထိုင်မှုပုံစံများ ကျင့်သုံး လာရေးအတွက် အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့်ဆောင်ရွက်ရန် နှီးနှောဆွေးနွေး ဖလှယ်ပွဲကြီးတွင်လည်း ကျောင်းနေအရွယ်လူငယ်ထုအတွင်း ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှု ပပျောက်ရေးကိစ္စရပ်များအတွက် ဝိုင်းဝန်းဆွေးနွေးကာ မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး၏ သဝဏ်လွှာကိုဖတ်ကြားခဲ့ပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီးထိန်းချုပ်ရေးနှင့် သုံးစွဲမှုပပျောက်ရေးဆိုင်ရာ အရေးကြီးအချက်အလက်များကို ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးက  မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည်သည်တော်များသည် အခမ်းအနား အထိမ်းအမှတ် ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုသည်။

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်သူ့ လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီအတွင်းရေးမှူးနှင့် မိတ်ဖက်အဖွဲ့ အစည်းများ၊ ပြည်သူများ စုစုပေါင်း ၃၀ဝ ခန့် တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)