၂၀၁၉ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၈  အောက်တိုဘာ

 

၂၀၁၉ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

mdn

 

ဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က  ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲကို National Fitness တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရန်၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ ပျော်ပျော် ရွှင်ရွှင် စည်းစည်းလုံးလုံး ချစ်ချစ် ခင်ခင်ဖြစ်စေရန်၊ ဝန်ထမ်းများ တက်ကြွရွှင်လန်းစွာဖြင့် မိမိတို့တာဝန်များကို ပိုမိုထမ်းဆောင်နိုင်စေရန် ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ဘောလုံး အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် လူရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ အောင်နိုင်ရေး စီမံချက်များ ရေးဆွဲချမှတ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်နေပါကြောင်း၊ လူထုဘောလုံးအားကစားမှသည် ထူးချွန်သော ဘောလုံးအားကစားသမားများအဖြစ် ကူးပြောင်းသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသော ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားသည်။

 

ထို့နောက် ၂၀၁၉ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် နှင့်တာဝန်ရှိသူများက အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

 

mdn

 

ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် နေပြည်တော်စည်ပင်အသင်းနှင့် ပြန်ကြားရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နေပြည်တော်စည်ပင်အသင်းက (၇)ဂိုး (၂)ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

 

၂၀၁၉ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဝန်ကြီးဌာန အသီးသီးမှ ပြိုင်ပွဲဝင်အသင်း(၁၂)သင်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပြိုင်ပွဲများကို ယနေ့မှ အောက်တိုဘာ ၂၁ ရက်အထိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း (၁/၃)တို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

အောက်တိုဘာ ၉ ရက် ညနေ ၃နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အသင်းနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အသင်းတို့သည် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း(၁)တွင်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းတို့ သည် ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း(၃)တို့တွင် လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်