၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁၄) နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး

မောင်စာဂ
 

ရွေးကောက်ပွဲတစ်ခုကျင်းပတော့မည်ဆိုလျှင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ခွင့် ရရှိစေရေးသည် အဓိကအချက်ဖြစ်သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် နိုင်ငံပြင်ပတွင်လည်း ရှိနေတတ်ကြသည်။ ဤသို့ဆိုလျှင် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေး ဥပဒေကမည်သို့ ပြဋ္ဌာန်းထားသနည်း။ ယခင်ရွေးကောက်ပွဲအသီးသီးတွင် မည်သို့မည်ပုံ ဆန္ဒမဲပေးခဲ့ကြသနည်း။ စောကြောမိသည်။ အနှစ်ချုပ်မျှဝေပါရစေ။

 

ဥပဒေပြဋ္ဌာန်းချက်

ရွေးကောက်ပွဲကျင်းပသည့်အချိန်၌ နိုင်ငံပြင်ပ တွင်ရောက်ရှိနေသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များ နှင့်အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များက သက်ဆိုင်ရာမဲဆန္ဒနယ်များ အတွက် ကြိုတင်၍ဆန္ဒမဲပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စီစဉ်ပေးရသည်။[လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏
ပုဒ်မ ၄၇ ( က ) ]

နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူများက ကြိုတင်၍ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံခြား ရေးဝန်ကြီးဌာနက တာဝန်ယူဆက်သွယ်ဆောင်ရွက်ပေး ရသည်။ [ လွှတ်တော် ရွေးကောက်ပွဲဥပဒေ
များ၏ပုဒ်မ ၄၇ (ခ ) ]

 

လက်တွေ့ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်

နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်ကိုမကြေညာမီ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထံ ဖြန့်ဖြူးနိုင်ရေး အတွက် ပုံစံ (၁၅) (မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ ဖြည့်သွင်းရန်ပုံစံ) များကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ကြိုတင်ပေးပို့သည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယင်း ပုံစံ (၁၅) များကို အချိန်မီဖြန့်ဖြူးနိုင်ရေးအတွက် သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများထံသို့ ဆက်လက်ပေးပို့သည်။ သက်ဆိုင်ရာသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးအကြီးအမှူး သည် ယင်းပုံစံ (၁၅) များကို ဖြန့်ဖြူးသည့်အခါ မိမိထံ သို့ မည်သည့်နေ့ရက်အရောက် ဖြည့်စွက်ပေးပို့ရမည် ဖြစ်ကြောင်းကိုပါ တစ်ပါတည်းအကြောင်းကြားရ သည်။

အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် လက်ခံရ ရှိသော ပုံစံ (၁၅) များတွင်ဖြည့်သွင်း၍ သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးထံသို့ အချိန်မီပေးပို့ရသည်။ သက်ဆိုင်ရာ အကြီးအမှူးသည် ယင်းပုံစံများကိုစိစစ်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယင်းသို့ပြန်လည်ပေးပို့ သည့် ပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လွှဲအပ်ပေးရသည်။ ကော်မရှင်သည် ယင်း ပုံစံများကိုစိစစ်၍ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံသို့ ပေးပို့ရသည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲသို့ ဆက်လက်ပေးပို့သည်။ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက ယင်းပုံစံ များကို စိစစ်၍ မဲဆန္ဒနယ်ပြင်ပရောက် (ပြည်ပ) ကြိုတင် ဆန္ဒမဲပေးသူများစာရင်းပုံစံ ( ၁ - ၃ ) တွင် သီးခြားရေးမှတ် ပြုစုရသည်။


လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည် စာရင်းကို ကြေညာပြီးသည့်အခါ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသည် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံ ပြင်ပတွင်ရောက်ရှိနေသူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရသည်။ ကော်မရှင်က ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းကြိုတင် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးအသီးသီးသို့ ဆက်လက်ပေးပို့ရသည်။

သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးအကြီးအမှူးသည် ကြိုတင်ဆန္ဒမဲ လက်မှတ်များနှင့် စာအိတ်များကိုရရှိသည့်အခါ ကြိုတင် ဆန္ဒမဲပေးမည့်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ပေး ရသည်။ ထိုသို့ စီစဉ်ပေးရာ၌ ပထမအချက်အနေဖြင့် သံရုံး သို့မဟုတ် အမြဲတမ်းကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ လာရောက်နိုင်သမျှ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများကို စုရုံးပြီး ကြိုတင်ဆန္ဒမဲပေးရန်နေရာကို သတ်မှတ်ပေးရသည်။

ဒုတိယအချက်အနေဖြင့် သံရုံး သို့မဟုတ် အမြဲတမ်း ကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးတွင် စုရုံး ရောက်ရှိလာသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ဖြန့်ဖြူးကာ လျှို့ဝှက် ဆန္ဒမဲပေးခြင်းဖြင့် ဆန္ဒပြုစေပြီး သက်ဆိုင်ရာ စာအိတ် အသီးသီးသို့ထည့်သွင်း၍ လုံခြုံစွာပိတ်ရသည်။ထို့နောက် ယင်းစာအိတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်ပေးပို့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပေးပို့လာ သည့် စာအိတ်များပါ မဲဆန္ဒနယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအမည်နှင့် မဲရုံအမှတ်များကိုစိစစ်၍ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက် ပေးပို့သည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက မဲပေးသည့်နေ့ ညနေ ၄ နာရီ ထိုးသည်နှင့်တစ်ပြိုင်နက် သတ်မှတ်ထား သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ယင်းဆန္ဒမဲ လက်မှတ်များကို ရေတွက်ရသည်။ ညနေ ၄ နာရီ ထိုးပြီးမှ ရောက်ရှိလာသည့် ဆန္ဒမဲလက်မှတ်များကို လက်ခံ ရေတွက်ခြင်းမပြုရပါ။

ဤသို့သောလုပ်ငန်းစဉ်များဖြင့် အစိုးရ၏ခွင့်ပြုချက် ဖြင့် နိုင်ငံပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ထံမှ ကြိုတင်မဲများရယူရသည်။ [သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ နည်းဥပဒေ ၅၇၊ ၅၉၊ ၆၁၊ ၆၃ တို့ပါ ပြဋ္ဌာန်းချက်များ]

ယခင်ရွေးကောက်ပွဲများတွင်
ဆန္ဒမဲပေးနိုင်ခဲ့သည့်အခြေအနေ

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်စပ်လျဉ်း၍ ပုံစံ (၁၅) ဖြင့် လျှောက်ထားသူ ခြောက်ထောင်ကျော်ခန့်ရှိခဲ့ပြီး သံရုံးအသီးသီးသို့ လာရောက်ကြိုတင်ဆန္ဒမဲပေးသူများသည်လည်း ခြောက်ထောင်ကျော်ရှိခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပ ရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်စပ်လျဉ်း၍ ပုံစံ (၁၅) ဖြင့် ကြိုတင်မဲပေးနိုင်ရန်လျှောက်ထားသူ သုံးသောင်း ကျော်ရှိခဲ့သည်။ သံရုံးစုစုပေါင်း ၄၄ ရုံးဖြစ်သည်။ ကြိုတင် ဆန္ဒမဲ လာရောက်ပေးသူ နှစ်သောင်းကျော်ရှိခဲ့သည်။

 

ဆန္ဒမဲပေးသူနည်းပါးလျက်ရှိနေသည်

သာဓကအားဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် သက်ဆိုင်ရာ သံရုံးတွင် လာရောက်ဆန္ဒမဲပေးခဲ့သူ ထောင်ဂဏန်းပင် မပြည့်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် သွားရောက်လုပ်ကိုင်နေသော အလုပ် သမားများ သန်းနှင့် ချီ၍ရှိသည်။ နိုင်ငံနယ်စပ်ဒေသမြို့များဖြစ်သော မဲဆောက်မြို့၊ မဲဆိုင်မြို့၊ ရနောင်းမြို့များ တွင် အလုပ်သွားရောက်လုပ်ကိုင်နေကြသော အလုပ် သမားသောင်းဂဏန်းချီ၍ ရှိနေသည်။ ထိုရွှေ့ပြောင်း အလုပ်သမားများသည် ပြည်ပနိုင်ငံကိုသွားသည်ဆို ကတည်းက (Passport for Job ) စာအုပ်ကိုင်သူများပါရှိ သည်။ နောက်တစ်ခုက ( Certificate of Identity ) ကတ်ကိုင်ဆောင်သူများရှိသည်။ ယင်းတို့ကို အစိုးရ ဝန်ကြီးဌာနတစ်ခုဖြစ်သည့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်ထောင်စုစာရင်း ( သန်းခေါင်စာရင်း ) နှင့် နိုင်ငံသား မှတ်ပုံတင်ရှိမှ ထုတ်ပေးသည်။ ယင်းနှစ်ချက်အပြင် အခြား Passport, Visa အမျိုးမျိုးဖြင့် သွားရောက် လုပ်ကိုင်နေသူများလည်း ပါရှိသည်။ ထိုသူများသည် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် သွားရောက် လုပ်ကိုင်နေသူများဖြစ်၍ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ကြသည်။

 

၎င်းတို့သည် ဆန္ဒမဲပေးခွင့်ရှိကြသူများဖြစ်ပြီး ဆန္ဒမဲ ပေးလိုကြသော်လည်း အခက်အခဲများကြောင့် ပြီးခဲ့ သောရွေးကောက်ပွဲများ၌ ဘန်ကောက်ရှိသံရုံးသို့သွား ရောက်၍ ကြိုတင်ဆန္ဒမဲ မပေးနိုင်ခဲ့ကြပါ။ ထို့ကြောင့် ဆန္ဒမဲပေးသူ လွန်စွာနည်းပါးခဲ့ရသည်။ အလားတူ အိမ်နီးချင်းနိုင်ငံများအပါအဝင် စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ သြစတြေးလျ၊ အမေရိကန်၊ အင်္ဂလန်စသည့် ပြည်ပနိုင်ငံအသီးသီးတွင် တရားဝင် သွားရောက်နေထိုင် အလုပ်လုပ်နေသူ အချို့အချို့မှာ လည်း ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးကို ပေးသာပေး၍ မရဖြစ်နေသည်။
အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသွားရောက်နေထိုင်လုပ်ကိုင်နေကြသော မဲဆန္ဒရှင်များ ရွေးကောက်ပွဲ တွင် ကြိုတင်ဆန္ဒမဲပေးမှုနည်းပါးနေရခြင်း၏ အခြေခံ အကြောင်းအရင်းမှာ သက်ဆိုင်ရာသံရုံး၊ ကောင်စစ်ဝန်ရုံး စသည်တို့သို့သွားရောက်ရန် ခရီးလမ်းပန်းဆက်သွယ်မှု ဝေးကွာ၍ အခက်အခဲဖြစ်ရခြင်းနှင့် ငွေကြေးကုန်ကျမှု အခက်အခဲဖြစ်ရခြင်း နှစ်ချက်ကိုတွေ့ရသည်။ မြန်မာ ရွေးကောက်ပွဲစနစ်အရ စာတိုက်ဖြင့်ပို့ခြင်း၊ အွန်းလိုင်းဖြင့် ပေးပို့ခြင်းတို့ကိုလည်း ခွင့်ပြုပြဋ္ဌာန်းထားခြင်း မရှိပါ။


ယင်းသို့သောအခြေအနေတွင် အဆိုပါအခက်အခဲများ ကိုကျော်လွှားပြီး အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေထိုင် အလုပ်လုပ်နေသူများအားလုံး ဆန္ဒမဲ ပေးပိုင်ခွင့်ရရှိရေးအတွက် ဥပဒေပြဋ္ဌာန်းချက်မူဘောင် အတွင်းမှ မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် နှီးနွှယ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ ညှိနှိုင်း ဆွေးနွေးပြီး အကောင်းဆုံးသော နည်းလမ်းများကို သတ်မှတ်နိုင်ကြပါမည်။ နိုင်ငံပြင်ပရောက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအတွက် နိုင်ငံသားတို့ ၏အခွင့်အရေးကို အပြည့်အဝရရှိနိုင်ကြပါမည်။


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် ရရှိကြစေလို ကြောင်းပါ။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး ဆန္ဒမဲပေးနိုင်ကြပါစေ၊

နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ အားလုံး အဆင်ပြေပြေ ဆန္ဒမဲပေးနိုင်ကြပါစေ၊

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး ချောမောအောင်မြင်စွာ ကျင်းပနိုင်ပါစေ။ ။