၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁၄) နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး

၂၉ ဧပြီ

 

ရွေးကောက်ပွဲတစ်ခု ကျင်းပတော့မည်ဆိုလျှင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ခွင့် ရရှိစေရေးသည် အဓိကအချက်ဖြစ်သည်။ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများသည် နိုင်ငံပြင်ပတွင်လည်း ရှိနေတတ်ကြသည်။ ဤသို့ဆိုလျှင် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရရှိရေး ဥပဒေကမည်သို့ ပြဋ္ဌာန်းထားသနည်း။ ယခင်ရွေးကောက်ပွဲ အသီးသီးတွင် မည်သို့မည်ပုံ ဆန္ဒမဲပေးခဲ့ကြသနည်း။ စောကြောမိသည်။ အနှစ်ချုပ်မျှဝေပါရစေ။

 

ဥပဒေပြဋ္ဌာန်းချက်

 

ရွေးကောက်ပွဲကျင်းပသည့်အချိန်၌ နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူ များနှင့် အိမ်ထောင်စုဝင်များက သက်ဆိုင်ရာမဲဆန္ဒနယ်များအတွက် ကြိုတင်၍ ဆန္ဒမဲပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီစဉ် ပေးရသည်။ [လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၄၇ (က )]

 

နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ကြိုတင်၍ ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ယူဆက်သွယ် ဆောင်ရွက်ပေးရသည်။ [ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ပုဒ်မ ၄၇ (ခ)]

 

လက်တွေ့ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်

 

နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်ကိုမကြေညာမီအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများထံ ဖြန့်ဖြူးနိုင်ရေးအတွက် ပုံစံ (၁၅) (မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒ | မဲပေးပိုင်ခွင့်ရှိသူများ ဖြည့်သွင်းရန်ပုံစံ) များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကြို တင်ပေးပို့သည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယင်းပုံစံ (၁၅)များကို အချိန်မီဖြန့်ဖြူး နိုင်ရေးအတွက် သက်ဆိုင်ရာသံရုံး အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ် ဝန်ရုံးများထံသို့ ဆက်လက်ပေးပို့သည်။ သက်ဆိုင်ရသံရုံး၊ အမြဲတမ်းကိုယ်စား လှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးအကြီးအမှူးသည် ယင်းပုံစံ (၁၅) များကို ဖြန့်ဖြူးသည့်အခါ မိမိထံသို့ မည်သည့်နေ့ရက်အရောက် ဖြည့်စွက်ပေးပို့ရမည် ဖြစ်ကြောင်းကိုပါ တစ်ပါတည်းအကြောင်းကြားရသည်။

 

အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများအနက်

 

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် လက်ခံရရှိသော ပုံစံ (၁၅)များတွင် ဖြည့်သွင်း၍ သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးထံသို့ အချိန်မီပေးပို့ရသည်။ သက် ဆိုင်ရာအကြီးအမှူးသည် ယင်းပုံစံများကိုစိစစ်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယင်းသို့ပြန်လည်ပေးပို့သည့် ပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လွှဲအပ်ပေးရသည်။ ကော်မရှင်သည် ယင်းပုံစံများကို စိစစ်၍ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံသို့ ပေးပို့ရသည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက်ပေးပို့သည်။ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက ယင်းပုံစံများကို စိစစ် ၍ မဲဆန္ဒနယ်ပြင်ပရောက် (ပြည်ပ) ကြိုတင်ဆန္ဒမဲပေးသူများစာရင်းပုံစံ ( ၁ -၃ တွင် သီးခြားရေးမှတ်ပြုစုရသည်။

 

လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ကြေညာပြီး သည့်အခါ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရသည်။ ကော်မရှင်က ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းကြိုတင် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးအသီးသီးသို့ ဆက်လက်ပေးပို့ရသည်။

 

သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံး အကြီးအမှူးသည် ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် စာအိတ်များကို ရရှိသည့်အခါ ကြိုတင်ဆန္ဒမဲပေးမည့်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ပေးရသည်။ ထိုသို့ စီစဉ်ပေးရာ၌ ပထမအချက်အနေဖြင့် သံရုံး သို့မဟုတ် အမြဲတမ်းကိုယ်စား လှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ လာရောက်နိုင်သမျှ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများကို စုရုံးပြီး ကြိုတင်ဆန္ဒမဲပေးရန်နေရာကို သတ်မှတ်ပေးရသည်။ ဒုတိယအချက်အနေဖြင့် သံရုံး သို့မဟုတ် အမြဲတမ်းကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးတွင် စုရုံး ရောက်ရှိလာသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ဖြန့်ဖြူးကာ လျှို့ဝှက်ဆန္ဒမဲပေး ခြင်းဖြင့် ဆန္ဒပြုစေပြီး သက်ဆိုင်ရာအိတ်အသီးသီးသို့ ထည့်သွင်း၍ လုံခြုံစွာပိတ်ရသည်။ ထို့နောက် ယင်းစာအိတ်များကို နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ ပေးပို့ရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ ဆက်လက်ပေးပို့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပေးပို့လာသည့် စာအိတ်များပါ မဲဆန္ဒနယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအမည်နှင့် မဲရုံအမှတ်များကို စိစစ်၍ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက်ပေးပို့သည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက မဲပေး သည့်နေ့ ညနေ ၄ နာရီ ထိုးသည်နှင့်တစ်ပြိုင်နက် သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ယင်းဆန္ဒမဲလက်မှတ်များကို ရေတွက်ရသည်။ ညနေ ၄ နာရီ ထိုးပြီးမှ ရောက်ရှိလာသည့် ဆန္ဒမဲလက်မှတ်များကို လက်ခံရေတွက် ခြင်းမပြုရပါ။

 

ဤသို့သောလုပ်ငန်းစဉ်များဖြင့် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထံမှ ကြိုတင်မဲများရယူရသည်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ နည်းဥပဒေ ၅၇၊ ၅၉၊ ၆၁၊ ၆၃ တို့ပါ ပြဋ္ဌာန်းချက်များ]

 

ယခင်ရွေးကောက်ပွဲများတွင်

ဆန္ဒမဲပေးနိုင်ခဲ့သည့်အခြေအနေ

 

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများနှင့်စပ်လျဉ်း၍ ပုံစံ (၁၅) ဖြင့် လျှောက်ထားသူ ခြောက်ထောင်ကျော်ခန့်ရှိခဲ့ပြီး သံရုံးအသီးသီးသို့ လာရောက်ကြိုတင်ဆန္ဒမဲပေးသူများ သည်လည်း ခြောက်ထောင်ကျော်ရှိခဲ့ကြောင်း သိရသည်။

 

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပရောက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများနှင့်စပ်လျဉ်း၍ ပုံစံ (၁၅) ဖြင့် ကြိုတင်မဲပေးနိုင်ရန် လျှောက်ထားသူသုံးသောင်းကျော်ရှိခဲ့သည်။ သံရုံးစုစုပေါင်း ၄၄ ရုံးဖြစ်သည်။ ကြိုတင် ဆန္ဒမဲလာရောက်ပေးသူ နှစ်သောင်းကျော်ရှိခဲ့သည်။

 

ဆန္ဒမဲပေးသူနည်းပါးလျက်ရှိနေသည်

 

သာဓကအားဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံရောက် ကြိုတင်ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများအနက် သက်ဆိုင်ရသံရုံးတွင် လာရောက်ဆန္ဒမဲပေးခဲ့သူထောင် ဂဏန်းပင် မပြည့်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် သွားရောက်လုပ်ကိုင်နေသော အလုပ်သမားများ သန်းနှင့်ချီ၍ရှိသည်။ နိုင်ငံ နယ်စပ်ဒေသမြို့များဖြစ်သော မဲဆောက်မြို့၊ မဲဆိုင်မြို့၊ ရနောင်းမြို့များတွင် အလုပ်သွားရောက်လုပ်ကိုင်နေကြသော အလုပ်သမားသောင်းဂဏန်းချီ၍ ရှိနေသည်။ ထိုရွှေ့ပြောင်း အလုပ်သမားများသည် ပြည်ပနိုင်ငံကိုသွားသည်ဆိုကတည်းက (Passport for Job) စာအုပ်ကိုင်သူများ ပါရှိသည်။ နောက်တစ်ခုက (Certificate of Identity)ကတ် ကိုင်ဆောင်သူများရှိသည်။ ယင်းတို့ကို အစိုးရဝန်ကြီးဌာနတစ်ခုဖြစ်သည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်ထောင်စုစာရင်း ( သန်းခေါင်စာရင်း ) နှင့် နိုင်ငံသားမှတ်ပုံတင်ရှိမှ ထုတ်ပေးသည်။ ယင်းနှစ်ချက်အပြင် အခြား Passport, Via အမျိုးမျိုးဖြင့် သွားရောက်လုပ်ကိုင်နေသူများလည်း ပါရှိသည်။ ထိုသူများသည် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် သွားရောက်လုပ်ကိုင် နေသူများဖြစ်၍ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ကြသည်။

 

၎င်းတို့သည် ဆန္ဒမဲပေးခွင့်ရှိကြသူများဖြစ်ပြီး ဆန္ဒမဲပေးလိုကြသော်လည်း အခက်အခဲများကြောင့် ပြီးခဲ့သော ရွေးကောက်ပွဲများ၌ ဗန်ကောက်ရှိ သံရုံးသို့ သွားရောက်၍ ကြိုတင်ဆန္ဒမဲ မပေးနိုင်ခဲ့ကြပါ။ ထို့ကြောင့် ဆန္ဒမဲပေးသူ လွန်စွာနည်းပါးခဲ့ရသည်။ အလားတူ အိမ်နီးချင်းနိုင်ငံများအပါအဝင် စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ သြစတြေးလျ၊ အမေရိကန်၊ အင်္ဂလန် စသည့် ပြည်ပနိုင်ငံအသီးသီးတွင် တရားဝင်သွားရောက်နေထိုင် အလုပ်လုပ် နေသူ အချို့အချို့မှာလည်း ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးကို ပေးသာပေး၍ မရ ဖြစ်နေသည်။

 

ယင်းသို့သောအခြေအနေတွင် အဆိုပါအခက်အခဲများကို ကျော်လွှားပြီး အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေထိုင် အလုပ်လုပ်နေသူများ အားလုံး ဆန္ဒမဲပေးပိုင်ခွင့် ရရှိရေးအတွက် ဥပဒေပြဋ္ဌာန်းချက်မူဘောင်အတွင်းမှ မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် နှီးနွယ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဆိုင်ရာကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးပြီး အကောင်းဆုံးသော နည်းလမ်းများကို သတ်မှတ်နိုင်ကြပါမည်။ နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအတွက် နိုင်ငံသားတို့၏အခွင့်အရေးကို အပြည့်အဝရရှိနိုင်ကြပါမည်။

 

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် ရရှိကြစေလိုကြောင်းပါ။

 

ဝ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ကြပါစေ။

ဝ နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး အဆင်ပြေပြေ ဆန္ဒမဲပေးနိုင်ကြပါစေ။

ဝ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး ချောမောအောင်မြင်စွာ ကျင်းပနိုင်ပါစေ။ ။

 

မောင်စာဂ