၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၂၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ

မောင်စာဂ

လွှတ်တော်အသီးသီး၏ဖွဲ့စည်းမှုနှင့် မဲဆန္ဒနယ်များ သတ်မှတ်ခြင်းတို့ကို ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ လွှတ်တော် အသီးသီး၏ဖွဲ့စည်းမှုကို သိရှိထားကြသင့်သကဲ့သို့
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဖွဲ့စည်းမှုကိုလည်း သိရှိသင့်ကြပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်း ချက်တို့ကို ကိုးကား၍ အနှစ်ချုပ်မျှဝေပါရစေ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစုစည်းသတ်မှတ်ပုံ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုတိုင်းအတွင်းရှိ မြို့နယ်များကို ခရိုင်အဖြစ်စုစည်းပြီး ယင်းခရိုင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် စုစည်းသည်။ သာဓက အားဖြင့် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစုစည်းသတ်မှတ်ပုံ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုဒေသအတွင်းရှိ မြို့နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် စုစည်း သည်။ သာဓကအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ လေရှီး မြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကိုစုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်သည်။ ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် လည်းကောင်း၊ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကိုစုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဖြစ်လည်းကောင်း၊ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကိုစုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဖြစ်လည်းကောင်း၊ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကိုစုစည်းပြီး ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ်လည်းကောင်း သတ်မှတ်သည်။

အဆင့်အတန်းတူညီခြင်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများဖြစ်ကြ သည့်အားလျော်စွာ အဆင့်အတန်းတူညီကြသည်။

ဦးစီးအဖွဲ့များဖွဲ့စည်းခြင်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ အသီးသီး ဖွဲ့စည်းထားရှိသည်။ ဖော်ပြပါ ဦးစီးအဖွဲ့များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေးအဖွဲ့များဖြစ်သည်။

ဦးစီးအဖွဲ့တွင်ပါဝင်ရမည့်အဖွဲ့ဝင်ဦးရေ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦးပါဝင်ရမည်။

ပထမအချက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်။

ဒုတိယအချက်တွင် လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ် ရေးရာ တာဝန်ဖြစ်စေ ပေးအပ်နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သည်။

တတိယအချက်တွင် ပထမအချက်နှင့် ဒုတိယအချက် တို့ပါ ပုဂ္ဂိုလ်များက ရွေးချယ်ဖြည့်စွက် ခန့်ထားသည့် ကိုယ်စားလှယ်များ ပါဝင်သည်။

ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခြင်း

အထက်ဖော်ပြပါ ပထမအချက်နှင့် ဒုတိယအချက်ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များသည် မိမိတို့အချင်းချင်းညှိနှိုင်း လျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက် တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ အနက် သင့်လျော်သူတစ်ဦးအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်သည်။
ထိုသို့ရွေးချယ်သည့်ပုဂ္ဂိုလ်အမည်စာရင်းကို သက်ဆိုင် ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတထံ တင်ပြရသည်။ နိုင်ငံတော် သမ္မတသည် အမည်စာရင်းတင်သွင်းလာသည့်ပုဂ္ဂိုလ်အား သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန် ပေးအပ်သည်။ ဥက္ကဋ္ဌသည် ရာထူးအလျောက် သက်ဆိုင် ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဖြစ်သည်။

တိုင်းရင်းသားလူမျိုးတစ်ဦးစီကို ရွေးချယ်ခန့်ထားခွင့်ရှိခြင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသအတွင်း နေထိုင်ကြသည့် သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ် သော လူဦးရေဖြစ်သည့် လူဦးရေအနည်းဆုံး ၁၀,၀၀၀ နှင့်အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သည့် တိုင်းရင်းသားလူမျိုးများရှိလျှင် ယင်းတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်တစ်ဦးကျစီကို မိမိတို့အချင်းချင်းညှိနှိုင်း၍ ရွေးချယ်ခန့်ထားသည်။ ရွေးချယ်ခန့်ထားခြင်းခံရသော ဦးစီးအဖွဲ့ဝင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ် ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်။

သင့်လျော်သောပုဂ္ဂိုလ်များအား ရွေးချယ်ခန့်ထားခွင့်ရှိခြင်း
ဦးစီးအဖွဲ့တွင် အဖွဲ့ဝင် ၁၀ ဦး မပြည့်သေးပါက အဖွဲ့ဝင်အနည်းဆုံး ၁၀ ဦးပြည့်စေရန် လိုအပ်သည့်အဖွဲ့ဝင် ဦးရေကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင်သူ များထဲမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည် အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့်ပုဂ္ဂိုလ်များ အား မိမိတို့သဘောဆန္ဒအလျောက် ရွေးချယ်ဖြည့်စွက်ခန့်ထားရပါမည်။

တပ်မတော်သားများကို ဖြည့်စွက်တာဝန်ပေးအပ်နိုင်ခြင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့တို့တွင် ဦးစီးအဖွဲ့ဝင်စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်သည့် ဦးစီးအဖွဲ့ဝင်ဦးရေကို တပ်မတော် သားများဖြင့်လိုအပ်သလို ဖြည့်စွက်တာဝန်ပေးနိုင်သည်။ အဆိုပါ တပ်မတော်သားများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်းများနှင့်ပြည့်စုံရပါမည်။

ကော်မတီဖွဲ့စည်းခြင်းနှင့် တာဝန်ခွဲဝေပေးအပ်ခြင်း

ဦးစီးအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များကို အချိန်ပြည့်တာဝန်ယူဆောင်ရွက်ရန် ဦးစီးအဖွဲ့ဥက္ကဋ္ဌ သည် အနည်းဆုံး သုံးဦးမှ အများဆုံး ငါးဦးအထိပါဝင်သော ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီကို တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူညီ ချက်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်တို့ဖြင့် ရွေးချယ်ဖွဲ့စည်းရမည်။ ဦးစီး အဖွဲ့ဥက္ကဋ္ဌသည် ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီနှင့်ညှိနှိုင်းပြီး ဦးစီးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင် ခွင့်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီဝင်များအား စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍအသီးသီးတွင် တာဝန်ခွဲဝေပေးအပ်နိုင်သည်။

ရာထူးသက်တမ်း

ဦးစီးအဖွဲ့ဥက္ကဋ္ဌ၏ ရာထူးသက်တမ်းသည် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်ပြီး ဦးစီးအဖွဲ့ဝင် များ၏ ရာထူးသက်တမ်းသည် သက်ဆိုင်ရာ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သက်တမ်းအတိုင်း ဖြစ်သည်။

ဦးစီးအဖွဲ့ရုံး

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သည် သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး ဖြစ်သည်။ ထိုတိုင်း သို့မဟုတ် ထိုဒေသ၏ အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် ထိုတိုင်း သို့မဟုတ် ထိုဒေသဦးစီးအဖွဲ့၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရပါမည်။

ဥပဒေပြုခွင့်အာဏာ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များသည် မြို့ပြနှင့်ကျေးရွာ စီမံကိန်းများ၊ လမ်းတံတားများဖောက်လုပ်၊ တည် ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊ ပြည်သူ့ကျန်းမာရေး၊ စည်ပင်သာယာရေးလုပ်ငန်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စားကျက်မြေများထိန်းသိမ်းရေး၊ သစ်တောများကာကွယ်ထိန်းသိမ်းရေး၊ ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မြို့နှင့် ကျေးရွာများအတွင်း ရေနှင့် လျှပ်စစ်မီးဆိုင်ရာကိစ္စများနှင့် မြို့များနှင့် ကျေးရွာများ၏ စျေးများဆိုင်ရာကိစ္စများအတွက် ဥပဒေပြုခွင့်အာဏာ ရှိသည်။


အနှစ်ချုပ်အားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဦးစီးအဖွဲ့ များသည် မိမိတို့၏တိုင်း သို့မဟုတ် ဒေသအတွင်း အုပ်ချုပ်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရ သကဲ့သို့ သတ်မှတ်ထားသည့်ဥပဒေပြုခွင့်အာဏာများကိုလည်း ကျင့်သုံးကြရသည် ဖြစ်ကြောင်းပါဗျာ။

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများ-

 

ဖွံ့ဖြိုးတိုးတက် ပေါကြွယ်ဝကြပါစေ၊ ငြိမ်းချမ်း သာယာပျော်ရွှင်ချမ်းမြေ့ကြပါစေ။ ။

 

ကိုးကားချက်
- ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၁ (စ)၊ (ဆ)၊ ၅၆၊ ၁၉၆၊ ၂၇၅ မှ ၂၈၃

- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥပဒေ၊