၂၀၂၀ ပြည့်နှစ်အတွင်း လေကြောင်းခရီးသွား အရေအတွက် ၆၀ ရာခိုင်နှုန်းကျဆင်း

ဂျီနီဗာ၊  ၁၉ ဇန်နဝါရီ

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း လေကြောင်းခရီးသွားအရေအတွက် ၆၀ ရာခိုင်နှုန်းကျဆင်း ခဲ့ကြောင်း ကုလသမဂ္ဂ လေကြောင်းအေဂျင်စီက ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်နှစ်အတွင်းက ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးသွားအရေအတွက် ၁ ဒသမ ၈ ဘီလီယံရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ (ICAO) က ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်းက ပြည်တွင်းနှင့် နိုင်ငံတကာခရီးသွားအရေအတွက် ၄ ဒသမ ၅ ဘီလီယံရှိခဲ့ရာမှ သိသိသာသာလျော့ကျခဲ့ခြင်းဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်း မှ အစိုးရများသည် နိုင်ငံတကာခရီးသွားလာခြင်းများ ကို ကန့်သတ်ရန်နှင့် နိုင်ငံသားများအား မိမိအိမ်တွင် နေထိုင်ရေး တွန်းအားပေးရန်တို့ကို ချက်ချင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ အဆိုပါစည်းကမ်းချက်များကြောင့် ပြည်တွင်းလေကြောင်း ခရီးသွားလာမှု ၅၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာလေကြောင်းခရီးသွားလာမှု ၇၄ ရာခိုင်နှုန်း  အသီးသီးကျဆင်းခဲ့ကြောင်း သိရသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အလင်းသစ်